No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဂန့်ဂေါ - ကလေးနယ်စပ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာပေါင်း ၁၁ ရွာထက်မနည်းရှိပြီး အကူအညီတွေ လိုအပ်နေ ဂန့်ဂေါ၊ကလေး - ၂၀၂၁ စက်တင်ဘာ ၁၈ (မော်ကွန်း) ဂန့်ဂေါနဲ့ ကလေးနယ်စပ်ကရွာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုခံခဲ့ရတဲ့ ကျေးရွာပေါင်း ၁၁ ရွာထက်မနည်းရှိနေပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၁၀ ရက်ဝန်းကျင်ကနေ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးရှို့ဖျက်ဆီးခြင်းခံရတဲ့ ကျေးရွာတွေထဲမှာ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကတော့ နှစ်ကြိမ်တိုင် မီးရှို့ခံခဲ့ရကာ အိမ်ခြေပေါင်း ငါးဆယ်ကျော် လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ နှမ်းခါးရွာအပြင် ဂန့်ဂေါနယ်ထဲက ထယ်လှော်ရွာ၊ မြင်သားရွာ၊ သာလင်းရွာတို့မှာလည်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုခံရလို့ အိမ်ခြေပေါင်း ငါးဆယ်နီး​ပါး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့နယ်ထဲက ဒိုးနွယ်၊ တင်သား၊ ကြံသာ၊ လယ်ခြား၊ ကုက္ကို၊ ရေရှင်၊ ကျောက်ပြုတ် စတဲ့ ရွာတွေမှာလည်း စစ်ကောင်စီတပ်တွေဝင်ရောက်ဖျက်ဆီးမီးရှိူ့လို့ အိမ်ခြေပေါင်း ၆၀ နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စာရင်းကောက်ယူလို့မရတဲ့နေရာတွေလည်း ရှိနေတာကြောင့် အပျက်အစီးယခုထက်ပိုနိုင်ပြီး ဂန့်ဂေါနဲ့ကလေးနယ် နှစ်နယ်ပေါင်း အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။ အဆိုပါကျေးရွာတွေမှာ စစ်ကောင်စီ ပစ်ခတ်တာတွေကြောင့် လူသေဆုံးထိခိုက်တာတွေလည်းရှိနေပြီး တချို့ရွာတွေကတော့ ရှောင်တိမ်း​နေရဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ အစားအသောက်နဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ "အိမ်တွေတင်မကပါဘူး သာလင်းရွာမှာဆိုရင် စပါးတင်း ၁၅၀​ကျော်ရှိတဲ့ စပါးတိုက်ပါပါသွားတယ်။ တချို့တွေက မပြန်ရဲသေးဘူး။ တောထဲမှာပဲနေနေရတယ်"လို့ ဒေသခံတစ်ဦးက ​ပြောပါတယ်။ စက်တင်ဘာလ ၉ရက်နေ့က မြင်သားရွာသား ပြည်သူ ၁၈ဦး၊ မွှေ့လယ်ရွာသားပြည်သူ ၃ဦး၊ ထယ်လှော်ရွာပြည်သူ ၁ဦး၊ ရေရှင်ရွာပြည်သူ ၂ဦးတို့ကိုလည်း အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီ မီးရှို့ခဲ့တဲ့ ဂန့်ဂေါနဲ့ ကလေးနယ်စပ်က ကျေးရွာများ ဓါတ်ပုံ-ဒေသခံ Credit: