
ရေထွက်ကုန်တွေကို ပြည်ပပို့လို့မရသေးချိန်မှာ ဈေးကားတွေနဲ့ ရပ်ကွက်ထဲ လှည့်ရောင်းမယ် ဇန်နဝါရီ ၁၈ ၊ ၂၀၂၁ ကိုဗစ်ကြောင့် ရေထွက်ကုန်တွေ ပြည်ပတင်ပို့မှုကျဆင်းနေတဲ့အတွက် ဈေးကားတွေနဲ့ ပြည်တွင်းဈေးကွက်မှာ ရောင်းချဖို့စီစဉ်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းတယ်ရေးဝန်ကြီးဌာနထံက သိရပါတယ်။ ငါး၊ ပုဇွန် စတဲ့ ရေထွက်ကုန်တွေကို ဈေးကားတွေနဲ့ ရပ်ကွက်၊ ကျေးရွာအရောက် ရောင်းချဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။ ပြည်ပကို ရေထွက်ကုန်တင်ပို့မှု ကျဆင်းနေတဲ့အချိန် ပြည်တွင်းငါးစားသုံးမှု မြင့်မားစေတဲ့အတွက် ဈေးကားတွေနဲ့ ရောင်းချဖို့ သမဝါယမ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ အသင်းအဖွဲ့တွေက စီစဉ်နေကြတာလည်း ဖြစ်ပါတယ်။ ရောင်းဖို့ လိုအပ်တဲ့ငါးတွေကိုဖြည့်တင်းပေးသွားမယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကပြောပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ ငါးကိုပေါပေါများများစားနိုင်ပေမယ့် အထက်ပိုင်းဒေသတွေမှာစားသုံးမှုလျော့နည်းတဲ့အတွက် ငါးစားသုံးမှုလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့လိုတယ်လို့ ဦးဝင်းကြိုင်ကဆိုပါတယ်။ ရေထွက်ကုန်တွေကို ရောင်းချမယ့်အစီအစဉ်ကို မြန်မာပြည်အထက်ပိုင်းနဲ့ အလယ်ပိုင်းတွေကို အချိန်မှီဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ရင် ပြည်တွင်းငါးစားသုံးမှု တိုးတက်လာနိုင်တယ်လို့ ဦးဝင်းကြိုင်ကပြောပါတယ်။ ရုပ်သံသတင်းထောက်-ကျော်စွာထွန်း Credit