
မုန့်ဖက်ထုပ်ကူရောင်းပြီးမိသားစု ဝင်ငွေရှာပေးနေတဲ့ ၉နှစ်အရွယ် ကလေးငယ် အသက် ၉ နှစ်အရွယ် ဖိုးလပြည့်ဟာ သူ့မိသားစုကို မုန့်ဖက်ထုပ်ကူရောင်းပေးရင်း မိသားစုစားဝတ်နေရေးပြေလည်ဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတဲ့ကလေးငယ်လေးပါ။ ကိုဗစ်ကပ်ရောဂါကြောင့် စားဝတ်နေရေးကျပ်တည်းလာတဲ့အခြေအနေကို ကျားကန်နိုင်ဖို့နဲ့ မိခင်ရဲ့ကျန်းမာရေးကြောင့် မုန့်ဖက်ထုပ် အရင်လိုမရောင်းနိုင်ခင်စပ်ကြားမှာ မိသားစုဝမ်းရေးအတွက် သူက ကူရောင်းပေးလာတာ ခုဆို ဆယ်လကြာခဲ့ပါပြီ။ အစက စံပြဈေးမှာ ကျွန်မက မုန့်ဖက်ထုပ်ရောင်းတယ် ။သူတို့အဖေက ပန်းရံလုပ်တယ်။ ကိုဗစ်ဖြစ်တော့ သူတို့အဖေက အလုပ်နားရတယ်။ ကျွန်မတို့ရောင်းတဲ့ဈေးနားမှာလည်း ကိုဗစ်တွေ့လို့ မရောင်းရဲဘူးလေ။ အဲဒီတော့ရပ်ကွက်ထဲပြန်ရောင်းရတာပေါ့။ ကျွန်မက အူအတက်ပေါက်လို့ ခွဲစိတ်ထားတဲ့အတွက် စက်ဘီးနင်းရောင်းလို့မရဘူးလေ။ အဲဒီတာ့ သားလေးကိုပဲစက်ဘီးနဲ့ရောင်းခိုင်းရတာပေါ့။ ကလေးလေးငယ်ငယ်လေးနဲ့ဈေးရောင်းတော့ ဓါတ်ပုံရိုက်တဲ့သူကရိုက်ကြနဲ့ ။အကုန်လုံးက ချစ်ပြီး အားပေးကြတယ်။ ကျွန်မကတော့ အိမ်နားတဝိုက်မှာပဲရောင်းတာပေါ့ ။ ပြောရရင် သူရောင်းတာကပိုရောင်းရတာပေါ့ "ဟု ဖိုးလပြည့်မိခင်က ပြောပါတယ်။ ဖိုးလပြည့်တို့မိသားစုမှာ မြောက်ဒဂုံမြို့နယ်မှာ အိမ်ငှားနေထိုင်နေပြီး မောင်နှမလေးဦးအနက်သူက ဒုတိယမြောက်သားဖြစ်ပါတယ်။ "ဈေးရောင်းတာကတော့ သားမှာ အခက်အခဲ မရှိပါဘူး။ တခါတော့ ပိုက်ဆံလုတဲ့သူတွေနဲ့ကြုံဖူးတယ်။ သားကတော့မကြောက်ပါဘူး။ သားကို ရပ်ကွက်ထဲက ကူညီကြတယ်။ တချို့ဆို မုန့်ဖတ်ထုပ်ဖိုးအပြင် မုန့်ဖိုးတွေပါပေးကြတယ်။ ဖြစ်ချင်တာကတော့ အမေ့ကို အိမ်လေးဝယ်ပေးချင် တယ်" လို့ ဖိုးလပြည့်ကပြောပါတယ်။ အခုငှားနေတဲ့အိမ်ကိုလည်း သူဈေးရောင်းပြီးစုထားတဲ့ငွေတွေနဲ့ ငှားရမ်းနိုင်ခဲ့တာဖြစ်ပြီး အိမ်ပိုင်ဝယ်ဖို့လည်း ငွေစုနေကြတယ်လို့ ဖိုးလပြည့်မိသားစုကပြောပါတယ်။ ဖိုးလပြည့်ဟာ လက်ရှိမှာ တောင်ဥက္ကလာမြို့နယ်ရှိ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စတုတ္ထတန်းတက်ရောက်နေပါတယ်။ လက်ရှိမှာ ကိုဗစ်ကြောင့် ကျောင်းပိတ်ထားချိန် နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ် မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်တွေထဲမှာ မုန့်ဖက်ထုပ်လိုက်လံရောင်းချပေးနေတာဖြစ်ပါတယ်။ ဘီဘီစီမြန်မာပိုင်း (ယခုသတင်းဓာတ်ပုံစတိုရီရိုက်ကူးရေးအတွက် ကလေးငယ် ဖိုးလပြည့်၏ အုပ်ထိန်းသူ မိဘများရဲ့ခွင့်ပြုချက်ရယူပြီး တင်ပြခြင်းဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါတယ်။) ဓာတ်ပုံ-Ye Myo Khant/MPA Credit