No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သမိုင်းဝင် ကနီမြို့ရွှေမြင်းဖြူတောင် မြေသားပဲ့ကျမှု များပြားလာ ================================= စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့ရွှေမြင်းဖြူတောင်၏အရှေ့မြောက်ဖက်တွင် ယနေ့ ဇန်နဝါရီလ၂၀ရက်နံနက်အစောပိုင်းကမြေသားပဲ့ကျမှုဖြစ်ခဲ့ရာ ယခင်ကထက် ပိုမိုများလာ ကြောင်းက နီမြို့နယ်အုပ်ချုပ်ရေးမှုးဦးသိုက်စိုးထွန်းက ပြောသည်။ "နှစ်တိုင်းကနည်းနည်းချင်းပဲ့တာမျိုးရှိတယ်။အခုပဲ့တာကများတယ်။ချင်းတွင်းမြစ်ဖက်ကပဲ့ကျတာပါ။လောလောဆယ်ပဲ့ကျတော့လမ်းပိတ်သွားတော့စက်ယန္တရားနဲ့ထိုးပြီးရှင်းလင်းရေးတွေလုပ်နေတယ်။လမ်းကကနီနဲ့ကနဲမြစ်ဖြတ်တဲ့ကူးတို့အတက်အဆင်းလမ်းပါ။လူထိခိုက်တာမရှိပါဘူး"ဟုယင်းကပြောသည်။ လတ်တလောတွင် တောင်ပဲ့ကျခြင်းရပ်မသွားသေးဘဲ ရှိနေသေးကြောင်း၊အတိုပါတောင်မှာ သဲမြေ တောင်အမျိုးအစားဖြစ်သည့်အတွက် မပြိုကျစေရန်အတွက် ပုဂံမှဗူးဘုရားကမ်းပါးထိန်းသကဲ့သို့ လုပ်ရမည်ဖြစ်ရာ လတ်တလောလုပ်ဆောင်ရန် ငွေကြေး မတတ်နိုင်သေးကြောင်း ဦးသိုက်စိုးထွန်း ကဆိုသည်။ ကနီမြို့ ရွှေမြင်းဖြူတောင်ပေါ်တွင် သမိုင်းဝင်ရွှေမြင်းဖြူစေတီတော်နှင့် မြင်းဖြူရှင် နန်းရင်းနတ်ကွန်းရှိ ပြီး တောင်တက်ကားလမ်းအလယ်တွင်ဘုရားရှင်နှင့် ဧတဒင်္ဂ ရဟန္တာ၄၁ပါးဆွမ်းခံကြွပုံရုပ်ပွားတော်များ တည်ထားကြောင်း သိရသည်။ တောင်တက်လမ်းကောင်းမွန်အောင် ပြုပြင်ခြင်းနှင့်ရေတိုက်စားမှုနည်းစေရန်အတွက် တောင်ထိန်း နံရံများ၊ ကျောက်ကြီးစီခြင်းများကိုလည်း ဆောင်ရွက်ထားကြောင်းသိရသည်။ ရွှေမြင်းဖြူတောင် သည်ကနီမြို့ ၏အနောက်မြောက်ဖက် တွင်တည်ရှိပြီးပေ၂၀၀ ကျော်မြင့်သည့်ကမ်း ပါးပြတ်အဖြစ်တည်ရှိနေရာအဝေးမှကြည့်လျင်ချင်းတွင်းမြစ်ထဲရောက်နေသည့်အလား မှတ်ထင်ရ ကြောင်း သိရသည်။ ပုဂံပြည် အနော်ရထာမင်းလက်ထက်တွင် ကနီမြို့၌ မြို့စားထားရှိ၍ ကနီနော်ရထာဘွဲ့နှင့် အုပ်ချုပ် စေခဲ့ကြောင်း၊ကနီနော်ရထာ ပုန်ကန်သောကြောင့် ဘုရင့်တပ်သားများက လိုက်လံတိုက်ခိုက်ရာ ကနီနော်ရထာက ကုန်းမြင့်ပေါ်မှ မြင်းဖြူကို ကဆုံချစီးပြီးလျှင် မြစ်တွင်းသို့ဆင်းကာ မိမိကိုယ်ကို အဆုံးစီရင်လိုက်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ကျော်ကြားကိုးကွယ်ယုံကြည်မှု ရှိနေကြသော ၃၇ မင်းတွင် ပါဝင်သော မြင်းဖြူရှင်နတ်မှာ ကနီနော်ရထာနတ်ဖြစ်ကြောင်း ၊သီပေါမင်းတရားလက်ထက်က ကနီမြို့စားမှာ ဒိုင်းခင်ခင်၏ဖခင် ဒိုင်းဝန်မင်းပင်ဖြစ်ကြောင်းလည်း အဆိုပါ မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ မျိုးမောင်မောင် (မုံရွာ) ဓာတ်ပုံ - Thike Soe Tun Natywar Credit