
အဖိုးရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ပေါ်ပြူလာ ဖြစ်ခဲ့တဲ့ မြေးမ ချောချောလေးတွေ အမေရိကန် သမ္မတသစ်အဖြစ် ဂျိုးဘိုင်ဒန်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ အခမ်းအနားကို တစ်ကမ္ဘာလုံးက နိုင်ငံတကာအရေး စိတ်ဝင်စားသူတွေက အာရုံစိုက် စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးနဲ့ မပတ်သက်ဘဲ ဒီအခမ်းအနားမှာ အကြီးအကျယ် အာရုံစိုက် ခံခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ အဲဒါကတော့ ဘိုင်ဒန်ရဲ့ မြေးမ ချောချောလေးတွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဘိုင်ဒန်ဟာ ဝါရှင်တန်ဒီစီ မြို့တော်က ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို မိသားစု စုံစုံညီညီနဲ့ တက်ရောက်လာပြီး မြေးမလေး ၄ ဦးလည်း လိုက်ပါလာပါတယ်။ နာအိုမီ ဘိုင်ဒန်၊ ဖင်နင်ဂန် ဘိုင်ဒန်၊ မေစီ ဘိုင်ဒန်နဲ့ နာတာလီ ဘိုင်ဒန်တို့ လေးဦးစလုံးဟာ အဖိုးဖြစ်သူ ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာ အနီးကပ် ရှိနေခဲ့ကြပြီး Twitterမှာ သူတို့အကြောင်း မေးမြန်းမှုတွေ၊ ဆွေးနွေးမှုတွေ အတော်လေး များပြားခဲ့ပါတယ်။ ဘိုင်ဒန်ရဲ့ အကြီးဆုံး မြေးဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် နာအိုမီက အဖြူရောင် ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်လာပြီး မြေးအလတ်ဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ဖန်နင်ဂန်ကတော့ အညိုရောင် ပွဲတက် ကုတ်အင်္ကျီနဲ့ ကြည့်ကောင်းနေခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ညီမငယ် အသက် ၂၀ အရွယ် မေစီကလည်း အထူးသီးသန့် ချုပ်လုပ်ထားတဲ့ အနက်ရောင် ကုတ်အင်္ကျီကို ဝတ်ဆင်လာပါတယ်။ သူတို့ ညီအစ်မ သုံးဦးထက် လူပြောများခဲ့တာကတော့ ဝမ်းကွဲ ညီမငယ် နာတာလီ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ နာတာလီဟာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားနဲ့ ပတ်သက်လို့ Twitterမှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ နာတာလီက ပန်းရောင် ကုတ်အင်္ကျီနဲ့ ပွဲတက်လာပြီး ပန်းရောင် နှာခေါင်းစည်းက မျက်နှာ တစ်ဝက်လောက်ကို ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ အမြင်စူးရှပြီး အရမ်း စိတ်အားထက်သန်နေတဲ့ လူငယ် အမျိုးသားထုကတော့ နှာခေါင်းစည်း မျက်နှာဖုံးအောက်က နုပျို လှပတဲ့ မျက်နှာလေးကို အကြီးအကျယ် စိတ်ဝင်စားခဲ့ကြပါတယ်။ နာတာလီဟာ အမေရိကန်မှာတော့ အထိုက်အလျောက် လူသိများခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် အခုတော့ နိုင်ငံတကာ အာရုံစိုက်မှုကိုပါ ရရှိလာခဲ့တာပါ။ အကြောင်းသိသူတွေကတော့ နာတာလီဟာ ရဲရင့်ပြီး တဇွတ်ထိုး လုပ်တတ်တဲ့ ညာဉ်မျိုးရှိတဲ့ မိန်းကလေး တစ်ယောက်လို့ ပြောကြပါတယ်။ Twitter သုံးစွဲသူ တချို့ကတော့ ဘိုင်ဒန်ဟာ အမေရိကန် သမ္မတ အနေနဲ့ ဘာမှ လက်တွေ့ လုပ်ဆောင် မပြရသေးပေမယ့် မြေးချောလေးတွေ မျက်နှာနဲ့တင် နောက်ထပ် ၄ နှစ်သက်တမ်းအတွက် ထောက်ခံမဲ အရေအတွက် တော်တော်လေး စုဆောင်းမိနှင့်နေလောက်ပြီလို့ အရွှန်းဖောက် မှတ်ချက် ပေးခဲ့ကြပါတယ်။ ဓာတ်ပုံ - EPA-EFE Credit