
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့မှာ အန်နယ်ဒီဝန်းရံသူတွေက အစိုးရသစ်အား လှိုက်လှဲစွာ ကြိုဆိုပါ၏ ဆိုတဲ့ ဗွီနိုင်းကို ဒီနေ့ ဇန်နဝါရီလ (၂၁) ရက်နေ့ မြို့အဝင်မှာ ချိတ်ဆွဲပြီး အစိုးရသစ်ကို ကြိုဆိုမှုပြုလုပ်ကြပါတယ်။ အဲဒီချိတ်ဆွဲ ကြိုဆိုတာကို သက်ဆိုင်ရာဆီမှာ ခွင့်ပြုချက်တောင်းယူခဲ့သလို စည်ပင်မှာလည်း အခွန်ဆောင်ပြီး လမ်းကို ကန့်လန့်ဖြတ်ချိတ်ဆွဲခဲ့ပါတယ်။ ဒါပေမဲ့ ကြံ့ပါတီဝင်တစ်ယောက်က အမျိုးသမီးတစ်ယောက် ပုံရဲ့ အောက်ကနေ ရဟန်းရှင်လူ၊ ပြည်သူတွေ သွားလာတာ မသင့်တော်ဘူးဆိုပြီး ကန့်ကွက်ခဲ့တာကြောင့် လမ်းဘေးကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဗွီနိုင်းချိတ်ဆွဲသူ ကိုအောင်ကျော်စိုးက ပြောပါတယ်။ ကျွန်တော်ကတော့ သူတို့ကျေနပ်အောင် နေရာပြောင်းပေးလိုက်တယ်။ ဒီနေ့ ခွင့်ပြုချက်တောင်းပြီး ဒီနေ့ပဲ ချိတ်ဆွဲလိုက်တာပါ လို့ ကိုအောင်ကျော်စိုးက ပြောပါတယ်။ ကိုအောင်ကျော်စိုးဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း အစိုးရသစ်ကာလမှာ သမ္မတကြီးဦးထင်ကျော်ကို ကြိုဆိုပါတယ်ဆိုပြီး ဗွီနိုင်းချိတ်ဆွဲခဲ့ပါသေးတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ဖြူမြို့နယ် အန်နယ်ဒီဥက္ကဋ္ဌ ဦးကျော်မင်းနိုင်က ပါတီတွေက စီစဥ်တာ၊ လုပ်တာမဟုတ်ဘူးဗျ။ (၃) ရွာလောက်တော့ ရှိပြီဗျ။ စံပြ၊ မုန်တောကြီး၊ ကျောင်းတော်ရာ မုန်တောကြီးမှာတော့ ကိုယ့်အိမ်နဲ့ကိုယ်တင်တာ ပြဿနာလေးတွေရှိတယ်လို့ ကြားရတယ်ဗျ။ ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေ၊ ရဲတွေက မေးတာတွေလုပ်တယ်လို့ သိရတယ်။ လို့ ပြောပါတယ်။ အစိုးရသစ်ကို ကြိုဆိုကြောင်း ကျောင်းတော်ရာ၊ လယ်ကိုင်း၊ မကျည်းကုန်း၊ ညောင်ပင်ရွာ၊ သောင်ရင်းရွာသစ် ကျေးရွာတွေမှာလည်း ဗွီနိုင်းတွေ ချိတ်ဆွဲနေတယ်လို့ သိရပါတယ်။ Crd