
ရန်ကုန်ကိုရောက်လာတဲ့ အိန္ဒိယကိုဗစ်ကာကွယ်ဆေး (၁) သန်းခွဲကို မနက်ဖြန် စတင်ဖြန့်ဝေမည် အိန္ဒိယနိုင်ငံမှ လက်ဆောင်အဖြစ်ပေးတဲ့ CoviShield အမည်ရှိ ကိုဗစ်ကာကွယ်ဆေးအလုံး (၁) သန်းခွဲ ဒီကနေ့ ဇန်နဝါရီလ (၂၂) ရက် မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အခုရောက်လာတဲ့ ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီ (၂၃) ရက်မှာ စတင်ဖြန့်ချိပေးသွားဖို့ စီစဉ်နေပြီး ဦးစားပေးထိုးရမယ့် နေရာတွေအဖြစ် ရန်ကုန်၊မန္တလေးနဲ့ ရခိုင်ပြည်နယ်ကို ရွေးချယ်ထားတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတွေ အပြင် အစိုးရဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးစားပေးထိုးနှံပေးမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မနေ့ပြုလုပ်တဲ့ ကိုဗစ်-၁၉ နောက်ဆုံး အခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံစာတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ဆေးဦးစားပေးထိုးရမယ့် စာရင်းမှာ မိမိ ပါဝင်နေတဲ့အတွက် တောင်းပန်ကြောင်းကိုလည်း ပြည်သူတွေကို ပြောကြားခဲ့ပါတယ်။ ဓာတ်ပုံ- Embassay Of India Crd