No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အမှန်ပြောရရင် မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးကို အဲ့ဒီလောက်မြန်မြန်ဆန်ဆန် ထိုးခွင့်ရမယ်လို့မထင်ထားခဲ့ဘူး။ ဟိုအရင်ကြားခဲ့တဲ့သတင်းတွေမှာကတည်းက အစောဆုံး ၄ လပိုင်းလို့ပဲ သိထားခဲ့တာ။ ကြိုကြားကြိုကြား ထပ်ကြားလာရတဲ့သတင်းတွေအရတော့ မြန်မြန်ရတော့မယ်ဆိုတာ သိလာရတယ်။ ဆေးပညာသမိုင်းမှာတော့ ကိုဗစ်ကာကွယ်ဆေးက တော်တော်ထူးခြားတယ်လို့ပြောလို့ရတယ်။ ရောဂါစပေါ်ပေါ်ချင်း၊ ပိုးရဲ့မျိုးရိုးဗီဇကို စသိသိချင်းကတည်းက ကာကွယ်ဆေးကို ကမ္ဘာတလွှားကဆေးကုမ္ပဏီကြီးတွေ သူ့ထက်ငါအပြိုင်အဆိုင်ထုတ်ဖို့ကြိုးစားခဲ့ကြတယ်။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းဆို ကာကွယ်ဆေးအသစ်တစ်မျိုးထွက်ဖို့ဆိုတာ အနည်းဆုံးတစ်နှစ်ကျော်ကျော်လောက်အထိ အချိန်ယူရတာကြောင့် ၂၀၂၁ နှစ်လယ်လာက်မှပဲ ကာကွယ်ဆေးရနိုင်မယ်လို့မှန်းခဲ့ကြတယ်။ နောက်ပိုင်းတော့ တိုးတက်လာတဲ့နည်းပညာအကူအညီရယ်၊ ပိုးရဲ့ကူးစက်နှုန်းက အရမ်းများနေတာရယ်ကြောင့် ဆေးထုတ်လုပ်မှု၊ စမ်းသပ်မှုအဆင့်တွေကို ကျော်ပစ်တာ၊ အချိန်တွေကိုချုံ့ပစ်တာတွေလုပ်ခဲ့တယ်။ အဲ့ဒီလို Risk တွေယူပြီး ဒင်းကြမ်းချလိုက်ကြတာ ၂၀၂၀ နိုဝင်ဘာလကုန်လောက်မှာ ဆေးတစ်မျိုးသစ်စပြီးပေါ်တယ်။ ဒီဇင်ဘာလလယ်ပိုင်းလောက်မှာ စပြီးထိုးနိုင်ခဲ့တယ်။ နောက်ပိုင်းမှာလည်း နောက်ထပ်ဆေးအသစ်တွေ ဆက်တိုက်ထွက်လာခဲ့တယ်။ ဒီနေရာမှာ ကပ်ရောဂါဆိုတာ တကမ္ဘာလုံးနဲ့သက်ဆိုင်တာဖြစ်လို့ ဆင်းရဲချမ်းသာကွာဟမှုကြောင့် ကာကွယ်ဆေးနောက်ကျမှထိုးရတဲ့နိုင်ငံတွေမရှိရအောင် COVAX နဲ့ GAVI လိုအဖွဲ့ကြီးတွေက တာဝန်ယူခဲ့ကြတယ်။ သူတို့ရဲ့မူဝါဒအရ ကမ္ဘာ့နိုင်ငံတိုင်းမှာ လူဦးရေရဲ့အနည်းဆုံး ၂၀% ဟာ ကာကွယ်ဆေးအခမဲ့ရရှိဖို့ရယ်၊ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဆေးတွေကိုသက်သာတဲ့စျေးနဲ့ဝယ်နိုင်ဖို့ရယ် လုပ်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် အခုမြန်မာနိုင်ငံကရတဲ့ဆေးက ၅ ဒေါ်လာအောက်ပဲတန်တယ်ဆိုလို့ အပေါစားဆေးလို့တော့ မထင်လိုက်ပါနဲ့ ။ Oxford တက္ကသိုလ်နဲ့ Astra Zeneca ဆေးကုမ္ပဏီတို့ပူးပေါင်းထုတ်လုပ်တဲ့ဖော်မျူလာအတိုင်း အိန္ဒိယနိုင်ငံက Serum Institute of India မှာထုတ်လုပ်ထားတဲ့ Covishield ဆိုတဲ့ဆေးပါ။ မြန်မာအစိုးရခေါင်းဆောင်တွေရဲ့ သံခင်းတမန်ခင်းအရကြိုးစားမှုတွေကြောင့် ခုလောက်မြန်မြန်ဆန်ဆန်ရတယ်ဆိုတာကတော့ ပြောစရာမလိုလောက်အောင် အထူးသေချာပါတယ်။ တဆက်တည်းပြောချင်တာကတော့ မည်သည့်ဆေးမဆို ဘေးထွက်ဆိုးကျိုးဆိုတာအနည်းနဲ့အများရှိပါတယ်။ ခုလို အလောတကြီးလက်ပူတိုက်ထုတ်လိုက်ရတဲ့ဆေးတွေဆို ပိုလို့တောင်ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် တကမ္ဘာလုံးကလက်ခံထားတဲ့နည်းပညာတွေအတိုင်း စနစ်တကျစမ်းသပ်ထုတ်လုပ်ထားတာဖြစ်လို့ ထိုးရင်အန္တရာယ်ရှိလားဟင် ဆိုတဲ့မေးခွန်းကတော့ မေးဖို့ကိုမသင့်တာပါ။ ကာကွယ်ဆေးထိုးဖို့အလှည့်ကတော့ အနှေးနဲ့အမြန် ကိုယ့်ဆီရောက်လာမှာပါ။ မယုံရင် မထိုးကြပါနဲ့။ ကြောက်ရင် မထိုးကြပါနဲ့။ ဘယ်ကျန်းမာရေးဝန်ထမ်းကမှ ခြင်ထောင်ဆွဲလှန် အတင်းဖမ်းချုပ်ပြီးထိုးပေးမှာမဟုတ်ပါဘူး။ ကိုယ်အထိုးမခံချင်ရင် ငြင်းလိုက်ပါ။ ယုံကြည်တဲ့သူတွေ ထိုးကြပါလိမ့်မယ်။ (Dr. Okka Kyi Winn) Credit: