
ကျောက်တော်တောင်မှာ မျောက်အကောင်တစ်ထောင်လောက် အစာငတ်နေ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်မြစ်အရှေ့ဘက်ခြမ်းမှာတည်ရှိတဲ့ သေလာဂီရိ မောရပဗ္ဗတ တောင်ပေါ်မှာ ကျက်စားနေကြတဲ့ မျောက်အကောင်ရေတစ်ထောင်လောက်ဟာ ဘုရားဖူးခရီးသည်တွေမလာရောက်တဲ့အတွက် အစာရေစာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မျောက်စာရောင်းသူတွေနဲ့ ဂေါပကအဖွဲ့ဝင်တွေက ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပြီးတဲ့နောက်ပိုင်း ဘုရားတောင်ပေါ်မှာ တပ်မတော်ကတပ်စွဲထားသလို ဘုးရားဖူးခရီးသည်တွေအရောက်အပေါက်လုံးဝမရှိတဲ့အတွက် လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး အခုလိုကြုံနေကြရတာဖြစ်ပါတယ်။ မျောက်အုပ်စုကြီးဟာ တောင်ပေါ်ကဆင်းပြီးတာ့ ကစ္ဆပနဒီတံတားနဲ့ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျောက်တော်မြို့တွင်းထိရောက်ရှိနေတတ်ပြီး လူတွေဆီကနေ အစာတွေတောင်းစားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီမျောက်တွေဟာ ကျောက်တော်တောင်လို့ လူသိများတဲ့ သေလာဂီရိ မောရပဗ္ဗတ တောင်ပေါ်မှာရှိတဲ့ ဘုရားမှာ ဘုရားဖူးခရီးသည်တွေကိုမှီခိုပြီးနေထိုင်ကျက်စားနေကြတာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး ယခင်က အခုလိုမျိုးမကြုံခဲ့ရဘူးလို့ ဂေါပကအဖွဲ့ဝင် ဦးအောင်ထွန်းမြက ပြောပါတယ်။ မျောက်တွေအစာငတ်နေတဲ့အချိန်တွေမှာ ဂေါပကအဖွဲ့အနေနဲ့လည်း အဲ့ဒီတောင်ပေါ်ကိုသွားလာခွင့်မရရှိတဲ့အတွက် မျောက်တွေကိုပြုစုစောင့်ရှောက်မှုတွေမလုပ်နိုင်ကြသလို အစာတောင်းစားလို့လည်း ဝဝလင်လင်မစားရတာကြောင့် သစ်ဥသစ်ဖုတွေပဲ ရှာကြံပြီးစားသောက်နေကြရတယ်လို့ ဂေါပကကပြောပါတယ်။ ဓာတ်ပုံ-မြင့်လွင်(ဘီဘီစီမြန်မာပိုင်း)၊ Kaung Mrat Naing / MPA Crd