
တရုတ်နဲ့ဆက်နွယ်နေတဲ့ နဂါးဆိုတာပါနေလို့ နဂါးမောက်သီးကို နာမည်ပြောင်းပစ်ခဲ့တဲ့ အိန္ဒိယ ____________________________________________ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်မှာ နဂါးမောက်သီးရဲ့ နာမည်ကို ပြောင်းလဲခေါ်ဝေါ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ Dragon Fruit ဆိုတဲ့ နာမည်ဟာ တရုတ်နဲ့ ဆက်နွယ်နေတာကြောင့် အခုလိုပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ ဗီဂျေးရူပါနီက အင်္ဂါနေ့မှာ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ဂူဂျာရတ်ပြည်နယ်ဟာ ဝန်ကြီးချုပ်မိုလ်ဒီရဲ့ မွေးရပ်ဇာတိဖြစ်ပြီး အခုလိုပြောင်းခေါ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ တရုတ်နဲ့ အိန္ဒိယကြား ဆိုးရွားနေတဲ့ ဆက်ဆံရေးကိုလည်း ထင်ဟပ်စေမှာဖြစ်ပါတယ်။ ဟိမဝန္တာနယ်စစ်မှာ နှစ်ဖက်စစ်တပ်အချေအတင်ဖြစ်မှုက ကာလရှည်ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ ဖြေရှင်းလို့မရသေးတဲ့ ပြသနာအဖြစ်ရှိနေပါသေးတယ်။ "ဂူဂျာရတ်အစိုးရက ဆုံးဖြတ်ခဲ့ပြီးပါပြီ၊ နဂါးမောက်သီးဆိုတဲ့ စကားလုံးက မသင့်လျော်ပါဘူး၊ တရုတ်နဲ့ဆက်စပ်နေတယ်လို့လည်း သူတို့က ဆုံးဖြတ်ခဲ့ပါတယ်၊ ဒီအသီးရဲ့ ပုံစံက ကြာပန်းနဲ့ဆင်တူပါတယ်၊ ဒီအတွက်ကြောင့် နာမည်အသစ်အဖြစ် ကျွန်တော်တို့က Kamalam လို့ ပေးထားပါတယ်၊ ဒီလိုနာမည်ပြောင်းတာက နိုင်ငံရေးနဲ့ ဘယ်လိုပတ်သက်မှုမှမရှိပါဘူး" လို့ ဗီဂျေးရူပါနီက ပြောခဲ့ပါတယ်။ Kamalam ဆိုတာကတော့ အိန္ဒိယလိုဆိုရင် ကြာပန်းလို့ အဓိပ္ပာယ်ရကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်မိုလ်ဒီရဲ့ BJP ပါတီသင်္ကေတအဖြစ် ကြာပန်းကို အသုံးပြုထားပြီး အခုအချိန်ကစပြီး ဂူဂျာရတ်ပြည်နယ်အတွင်းမှာ Kamalam ဆိုတဲ့ အမည်နဲ့ နဂါးမောက်သီးကို လူတွေသိကြလိမ့်မယ်လို့ ရူပါနီက ဆိုပါတယ်။ တရုတ်ကတော့ ရိုးရာဓလေ့အရ နဂါးကို သူတို့ရဲ့ အထွဋ်အမြတ်တစ်ခုအဖြစ် ပုံဖော်နေခဲ့ကြတာဖြစ်ပါတယ်။ ဒီအတွက် တရုတ်နဲ့ ဆက်ဆံရေးဆိုးရွားနေချိန်မှာ အိန္ဒိယဘက်က သူတို့တန်ဖိုးထားတဲ့ နဂါးနဲ့ပတ်သက်ပြီး ပြုပြင်မှုတွေပြုလုပ်ပြီး နိုင်ငံရေးအရ ထိုးနှက်တာဖြစ်နိုင်တယ်လို့လည်း ယူဆမှုတွေရှိနေပြီး အိန္ဒိယကတော့ ဒီအချက်ကိို ငြင်းဆိုးထားခဲ့ပါတယ်။ ဂူဂျာရတ်ပြည်နယ်အတွင်းမှာရှိတဲ့ မိုးခေါင်ရေရှားဒေသတွေမှာ နဂါးမောက်သီးကို စိုက်ပျိုးဖို့တွက် ဝန်ကြီးချုပ်မိုလ်ဒီက တိုက်တွန်းပြီး လအနည်းငယ်အကြာမှာ စိုက်ပျိုးသူများပြားလာခဲ့ပြီးနောက် လယ်သမားတွေက နာမည်ပြောင်းဖို့အတွက် ပြောဆိုခဲ့တယ်လို့ BJP ပါတီဝင်အမတ်တစ်ဦးဖြစ်တဲ့ ဗီနော့ဒ်ချာဗ်ဒါက ပြောဆိုခဲ့ပါတယ်။ "လယ်သမားတွေက ကျွန်တော့်ဆီလာပြီး နာမည်ပြောင်းဖို့အတွက် ပြောဆိုခဲ့ကြပါတယ်၊ ဒီနာမည်ကို လက်ခံတဲ့အတွက်လည်း ကျွန်တော်ပျော်ရွှင်မိပါတယ်" လို့ သူက Reuters သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ဂူဂျာရတ်ပြည်နယ်တွင်းက Kutch ဒိစတြိတ်မှာတော့ နဂါးမောက်စိုက်ခင်း ၁၅၀၀ ဧကအထိရှိတယ်လို့သိရပြီး လယ်သမား ၂၀၀ ကျော်က စိုက်ပျိုးနေတယ်လို့လည်းသိရပါတယ်။ #WoW_Media Credit: