"အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကြောင့် မြန်မာနိုင်ငံမှာ ဘာထိခိုက်သွားလဲ" အုပ်ချုပ်ရေးပိုင်းမှာ အကြီးအကဲတာဝန်ယူနိုင်ရေး ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရာထူးနေရာအတွက် ရေးဆွဲထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံဥပဒေကို သက်တမ်းတိုးသွားမှာဖြစ်တယ်လို့ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ဇန်နဝါရီလ ၂၄ ရက် ညနေ က နေပြည်တော်မှာ သတင်းထောက်တွေကိုပြောလိုက်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကြောင့် မြန်မာနိုင်ငံမှာ ဘာထိခိုက်သွားလဲ၊ အဲဒါဆိုရှင်းနေတာပဲ၊ အဖြေက လိုအပ်ချက် အရ ကျွန်တော်တို့ကလုပ်ခဲ့တာပဲလေ၊ လိုအပ်ချက်အရလုပ်ခဲ့ပါတယ်ဆိုတော့ သက်တမ်းတိုးမှာပေါ့ ဒေါက်တာ ဇော်မြင့်မောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ရာထူးသက်တမ်းဟာ သမ္မတရဲ့သက်တမ်းအတိုင်းသာ ၅ နှစ်သတ်မှတ်ထားတာမို့ အခုလိုသက်တမ်းတိုးဖို့စီစဉ်ရတာလည်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကန့်သတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်သမ္မတ ရာထူးကို ထမ်းဆောင်လို့မရတဲ့အတွက် ၂၀၁၆ ခုနှစ် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးအစမှာပဲ နိုင်ငံတော်အတိုင်ပင်ခံဥပဒေကိုပြဌာန်းခဲ့ပြီး အစိုးရအဖွဲ့ရဲ့အကြီးအကဲရာထူးကိုထမ်းဆောင်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ဆက်လက်တာဝန်ယူ ဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံဥပဒေပါပြဌာန်းချက် ၃ ချက်လောက်ကိုပြင်ဆင်ပြဌာန်းရမှာဖြစ်တယ်လို့လည်း ဥပဒေပညာရှင်အချို့ကဆို ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ဆက်လက်ထမ်းဆောင်နိုင်ဖို့ဆိုရင် ဥပဒေမှာ ပါရှိတဲ့ "၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်" ဆိုတဲ့စကားရပ်နဲ့ "ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်" ဆိုတဲ့ စကားရပ်တွေကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဥပဒေပြင်ဆင်ဖို့ဆိုရင် တတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ စတင်လို့ လွှတ်တော်တွေရဲ့ ဥက္ကဋ္ဌ အသီးအသီး ရွေးချယ်ပြီးတဲ့ နောက်ပိုင်းပြင်ဆင်လို့ရမှာ ဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၅၀ ရာခိုင်နှုန်း အထက်ထောက်ခံမှု ရရင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒီဥပဒေကို ပြဌာန်းစဉ်က တပ်မတော်သား အစုအဖွဲ့လွှတ်တော် ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးဆိုပြီးကန့်ကွက်ခဲ့တာ ရှိခဲ့ပါတယ်။ ဘီဘီစီမြန်မာပိုင်း Crd
