
ဝန်ထမ်း ၆၀ ကျော် COVID-19 ကူးစက်ခဲ့ဖူးသည့် ဒူဘိုင်းကုမ္ပဏီက ၎င်း၏ဝန်ထမ်းများအားလုံးကို ကာကွယ်ဆေးထိုးနှံပေး ================================================ ကုမ္ပဏီနဲ့ရုံးခန်းတွေအတွက် ပရိဘောဂတွေပြုလုပ်တပ်ဆင်ပေးတဲ့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့က Deco Emirates and Carrara ဆိုတဲ့ကုမ္ပဏီမှာ ဝန်ထမ်းအယောက် ၆၀ကျော် COVID-19 ကူးစက်ခံခဲ့ရတာကြောင့် ပြီးခဲ့တဲ့နှစ်က လုပ်ငန်းတွေထိခိုက်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ ၎င်းကုမ္ပဏီရဲ့ ဝန်ထမ်း ၆၆ဝထဲမှာ ၅၆၀ဦးက ပြီးခဲ့တဲ့ဒီဇင်ဘာလကစပြီး Sinopharm ကာကွယ်ဆေးတွေ ထိုးနှံထားခဲ့ပါပြီ။ ဒီထဲမှာမှ ကာကွယ်ဆေးနှစ်လုံးစာလုံးအပြည့်အဝထိုးနှံထားပြီးတဲ့ ဝန်ထမ်းဦးရေ ၁၇၅ဦးရှိပါတယ်။ ကာကွယ်ဆေးထိုးဖို့ကျန်တဲ့ဝန်ထမ်း ၁၀၀ဦးက နှစ်ကုန်ခွင့်ယူထားသူတွေဖြစ်ပြီး အလုပ်ပြန်တက်တာနဲ့ ထိုးနှံပေးသွားမယ်လို့ ၎င်းကုမ္ပဏီကဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်ခဲ့တုန်းက ရုံးခန်းကို တစ်ပတ်ပိတ်လိုက်ရပြီး စက်ရုံကိုတော့ နှစ်ပတ်ပိတ်လိုက်ရတာကြောင့် လုပ်ငန်းလည်ပတ်မှုတွေမှာ ကြန့်ကြာသွားခဲ့ကာအနည်းနဲ့အများထိခိုက်မှုတွေရှိခဲ့ရတယ်လို့ မန်နေးဂျင်းဒါရိုက်တာ ဟပ်ဖ်ဘစ်ဂလေက ဆိုပါတယ်။ အစိုးရရဲ့ ကာကွယ်ဆေးအခမဲ့ဖြန့်ဝေထိုးနှံမှုအစီအစဉ်မှာ ၎င်းရဲ့ကုမ္ပဏီဝန်ထမ်းတွေအားလုံး ပါဝင်ထိုးနှံနိုင်စေဖို့ အလေးထားဆောင်ရွက်ခဲ့တာဖြစ်ပြီးခရစ္စမတ်နဲ့ New Year ပိတ်ရက်တွေမှာ ဝန်ထမ်းအများစုကို ကာကွယ်ဆေးစတင်ထိုးနှံစေနိုင်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ လုပ်ငန်းဌာနတွေမှာ ဝန်ထမ်းတွေရဲ့ကဏ္ဍကအထူးအရေးပါပြီး မိမိတို့ရဲ့ဝန်ထမ်းတွေ ကာကွယ်ဆေးထိုးနှံမှုအတွက် လိုအပ်တဲ့အရာရာတိုင်းကို ပံ့ပိုးပေးဖို့ဆုံးဖြတ်ခဲ့တာလို့ ၎င်းက ဆိုပါတယ်။ ကာကွယ်ဆေးထိုးနှံမှုစင်တာတွေဆီကို ဘေးကင်းစွာသွားနိုင်ဖို့ ဘတ်စကားတွေနဲ့အသွားအပြန်ပို့ဆောင်ပေးတာကအစ အခြားလိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းကူညီပေးခဲ့ကာ ဝန်ထမ်းတွေကိုယ်တိုင်စိတ်ပါလက်ပါနဲ့ ကာကွယ်ဆေးထိုးလာကြဖို့ အားပေးစည်းရုံးနိုင်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ (The National News, 26.1.2021) သံသာ Crd