
နိုင်ငံတော်အဆင့် မြန်မာ့သနပ်ခါးနေ့ကို တပို့တွဲလပြည့်နေ့တွင်သတ်မှတ်ရန်တရားဝင်ထုတ်ပြန် ================================================== နိုင်ငံတော်အဆင့်မြန်မာ့သနပ်ခါးနေ့ကို တပို့တွဲလပြည့်နေ့တွင် နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ရန် ယနေ့ ဇန်နဝါရီလ(၂၉ )ရက်တွင် တရားဝင်ထုတ် ပြန်လိုက်ကြောင်းမြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဌဦးကျော်မိုးက ပြောသည်။ "မြန်မာ့သနပ်ခါးရိုးရာယဉ်ကျေးမှု ရေရှည်ရပ်တည်နိုင်ဖို့နဲ့ သနပ်ခါးကိုမြတ်နိုးတန်ဖိုးထားချစ်တတ်လာအောင် သနပ်ခါးဟာမြန်မာ့ရတနာတစ်ပါးအဖြစ် မြတ်မြတ်နိုးနိုးတန်ဖိုးထားပြီးလိမ်းချယ်တဲ့အလေ့အကျင့် ကောင်းတွေရ လာစေဖို့ ရည်ရွယ်ပြီး မြန်မာ့သနပ်ခါးနေ့သတ်မှတ်နိုင်အောင်နိုင်ငံတော် အစိုးရကိုတင်ပြခဲ့တာဖြစ်ပါ တယ်"ဟု ယင်းကပြောသည်။ ယနေ့ဇန်နဝါရီလ၂၉ရက်တွင်တပို့တွဲလပြည့်နေ့ကိုနိုင်ငံတော်အဆင့်မြန်မာ့သနပ်ခါးနေ့အဖြစ်သတ်မှတ်ကြောင်းအကြောင်းကြားစာများကိုတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံစာထွက်ထားကြောင်းသိရသည်။ "တပို့တွဲလပြည့်နေ့ကိုမြန်မာ့သနပ်ခါးနေ့အဖြစ် (၂၀၁၉ )ခု နှစ်ကစပြီးအရာတော်၊ရွှေဘို၊ရေစကြို မြိုင်မြို့ တွေ မှာစတင်ကျင်းပခဲ့ပတယ်။(၂၀၂၀ )ခု နှစ်မှာပေါက်မြို့မှာထပ်တိုးပြီး မြန်မာ့သနပ်ခါးနေ့ ကျင်းပခဲ့ပါတယ်။ သနပ် ခါးသားနဲ့ဘုရားမီးပူဇော်တာတို့ ထမနဲစတုဒီသာကျွေးတာတို့ စာရေးဆရာတွေကသနပ်ခါးနဲ့ပတ်သက်တဲ့ အသိပညာပေးစာပေဟောပြောတာတို့ သနပ်ခါးနဲ့ပါတ်သက်တဲ့သီချင်းတွေ သရုပ်ဖော်တွေ ဖျော်ဖြေခဲ့ကြ ပါတယ်။သနပ်ခါးပန်းဖလက်တွေ စတစ်ကာတွေဝေခဲ့တယ်"ဟုဦးကျော်မိုးကပြောသည်။ ၂၀၂၀ ပြည့်နှစ် မတ်လမတိုင်မီကယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စတင်ပြချိန်နှင့်အတူ နိုင်ငံတော် အစိုးရထံသို့ မြန်မာ့သနပ်ခါးနေ့သတ်မှတ်ပေးရန်တင်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ "တစ်နိုင်ငံလုံးအနေနဲ့ မြန်မာ့သနပ်ခါးနေ့ကျင်းပဖို့ နောက်ပိုင်းမှာစီစဉ် သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံသနပ် ခါးအသင်း အနေနဲ့သနပ်ခါးအဓိကစိုက်ပျိုးထုတ်လုပ်ရောင်းချနေတဲ့ဒေသတွေမှာ ကိုဗစ်စည်းကမ်းနဲ့ အညီသနပ် ခါးမီးပူဇော်တာတွေ စတုဒီသာကျွေးတာတွေ စတစ်ကာဝေတာတွေ စတာတွေလုပ်ဖို့တော့ရှိ ပါတယ်။ဒီနှစ်က တော့စတိအနေနဲ့လုပ်နိုင်မှာပါ"ဟု ယင်းကပြောသည်။ (သတင်း-ဓာတ်ပုံ) မျိုးမောင်မောင် (မုံရွာ) Crd