
ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသည့် မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးထံတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ မျိုးသက်ဦးက..ကာကွယ်ဆေးထိုးပြီးလို့ ဖြစ်တာတော့မဟုတ်ပါဘူး။ ပထမအကြိမ် ကာကွယ်ဆေးထိုးရမယ့်အထဲမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေပါတယ်။ ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ အားကစားနှင့်ကာယပညာဦးစီးဌာနက အား/ကာ ဦးစီးမှူးလည်း အပါအဝင်ပေါ့။ ပထမဆုံး ကာကွယ်ဆေး စထိုးတဲ့နေ့မှာ ထိုးပေးပါတယ်။ ထိုးပြီးတော့ မနေ့ညနေတုန်းက အား/ကာ ဦးစီးက အနံ့ပျောက်တယ်လို့ သတင်းပို့ပါတယ်။ အနံ့ပျောက်တဲ့သူတွေထားတဲ့ စင်တာကိုပို့ပြီး RTD နဲ့ စစ်လိုက်တော့ positive တွေ့တာ မှန်ပါတယ် လူတစ်ဦးလျှင် ၂၈ ရက်ခြား၍ ကိုဗစ် ကာကွယ်ဆေးကို ၂ ကြိမ်ထိုးရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပြီး ယခု အား/ကာဦးစီးမှူးသည် ပထမအကြိမ်ထိုးထားပြီးသူဖြစ်သည်။ ဒေါက်တာ မျိုးသက်ဦးက ဆက်လက်၍ ကာကွယ်ဆေးတွေရဲ့ သဘောသဘာဝအရတော့ ထိုးပြီးပြီးချင်းတော့ ကာကွယ်နိုင်စွမ်းအား ချက်ချင်းမရသေးဘူး။ တစ်ကြိမ်တည်းနဲ့လည်း မရဘူး။ ဒါကြောင့်မို့လို့ ၂ ကြိမ်ထိုးရမယ်လို့ ထုတ်ပြန်ထားတာပေါ့။ အခုလူနာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဆေးထိုးပြီးတယ် ပိုးတွေ့တယ်ဆိုတာက သူသည် ကာကွယ်ဆေး မထိုးခံရမီကတည်းက ကူးစက်ခံထားရပြီးသား ဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေးရဲ့ အာနိသင်က ဒီအချိန်မှာ ပြလည်းမပြနိုင်သေးဘူး။ ကာကွယ်ဆေးနဲ့ အခုပိုးကူးစက်တာနဲ့က မသက်ဆိုင်ဘူးလို့ ပြောရမှာပေါ့။ ကာကွယ်ဆေးပထမအကြိမ် ထိုးပြီးရင် ကာကွယ်နိုင်စွမ်းအား တစ်ဆင့်မြင့်တက်သွားတယ်။ လေးပတ်ခြားပြီး ဒုတိယအကြိမ်ထိုးပြီးသွားရင် အချိန်အတိုင်းအတာတစ်ခုမှာ ရောဂါ ကာကွယ်နိုင်စွမ်းအား ရှိသွားမှာဖြစ်ပါတယ်။ တစ်ကြိမ်ထိုးပြီးရုံနဲ့တော့ ရောဂါမကူးပါဘူး ကာကွယ်နိုင်ပါပြီလို့ ပြောလို့မရပါဘူး။ ကာကွယ်ဆေးကတော့ မစွမ်းပါဘူးလို့ ပြည်သူလူထုကြားမှာ အထင်အမြင်မှားမူတွေ မဖြစ်ပါနဲ့လို့ပြောချင်ပါတယ် ဟု ရှင်းပြသည်။ ပြည်သူများအနေဖြင့် ကာကွယ်ဆေးမထိုးနှံမီနှင့် ကာကွယ်ဆေးထိုးနှံပြီးသွားသော်လည်း Mask တပ်ခြင်း ၊ လက်ဆေးခြင်း ၊ ခပ်ခွာခွာနေခြင်းတို့ ဆက်လက်နေထိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၂၇ ရက်နေ့က ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ထမ်း ၃၀၂ ဦးအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခဲ့ပြီဖြစ်ကြောင်း သိရသည်။ချောက်မြို့နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ် အတည်ပြုလူနာ ၅၂ ဦး ဆေးကုသမှုခံယူနေပြီး ယခု အား/ကာဦးစီးမှူးမှာလည်း ချောက်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။