
ယာဉ်သွားယာဉ်လာရှုပ်တဲ့နေရာတွေမှာ အခုလိုဈေးရောင်း၊ တောင်းရမ်းတာတွေက ယာဉ်စည်းကမ်းလမ်းစည်းကမ်းအရလည်း ခွင့်ပြုလို့မရသလို အန္တရာယ်လည်းများတာကြောင့် အခုလိုလုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။ “ ဒါက စီမံချက်နဲ့ဆောင်ရွက်တာပါ။ ကျွန်တော်တို့ လှည်းတန်းမီးပွိုင့်မှာဆိုရင် တောင်းစားတဲ့သူ နှစ်ယောက်ရှိပြီ ကားတိုက်ပြီးသေသွားတာ။ ဒါတွေကအမှန်ဆို ယာဉ်သွားယာဉ်လာရှုပ်တဲ့နေရာတွေမှာ အခုလိုတောင်းရမ်းတာတွေ ၊ဈေးရောင်းတာတွေက အရမ်းအန္တရာယ်များပါတယ်။ ဒါကြောင့် တစ်တိုင်းလုံးအနေနဲ့ လုပ်ဆောင်တာပါ။ လှည်းတန်းမီးပွိုင့်မှာဆိုရင်တော့ ထွေအုပ်၊ စည်ပင်၊ ရဲတပ်ဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့တွေပေါင်းပြီး ရှင်းလင်းရေးတွေလုပ်ဆောင်နေပါတယ်”လို့ ဦးသိန်းဇော်ဦးက ပြောပါတယ်။ ဒီစီမံချက်ကိုတော့ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပြီး ကာလအားဖြင့်တစ်လလောက်ကြာမြင့်နိုင်မယ်လို့သိရပါတယ်။ လတ်တလောကာလမှာတော့ ပညာပေးကာလဖြစ်တဲ့အတွက် အရေးယူမှုအပိုင်းတော့ မလုပ်ဆောင်သေးဘူးလို့ ဦးသိန်းဇော်ဦးကပြောပါတယ်။ လက်ရှိမှာတော့ ဒီစီမံချက်ကို သက်ဆိုင်ရာမြို့နယ်တွေအလိုက် အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်လူမှုရေးအသင်းတွေက ဦးဆောင်ပြီး ရှင်းလင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ Credit :