No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အိန္ဒိယနယ်စပ်သို့ဆန်သွားဝယ်သူလဟယ်မြို့နယ်ထန်ခေါ်လန်မရွာမှ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတောမီးလောင်ကျွမ်းကာသေဆုံး =========================== အိန္ဒိယနယ်စပ်သို့ဆန်သွားဝယ်သူလဟယ်မြို့နယ်ထန်ခေါ်လန်မရွာမှ(၄)ဦးသည် အပြန်ခရီးတွင် တောမီးလောင်ကျွမ်းကာသေဆုံးခဲ့မှု ဇန်နဝါရီလ ၂၉ ရက် က ဖြစ်ခဲ့ကြောင်း လဟယ်မြို့နယ်မီးသတ်ဦးစီးမှုးဦးစိုးပိုင်ထံမှသိရသည်။ "ထန်ခေါ်လန်မရွာ အနောက်ဖက်(၄)မိုင်လောက်က ထန်ခေါ်နောက်ကုန်းရွာမှာနေတဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုး အုပ်ချုပ်ရေးမှုးဟောင်းနဲ့နောက်တစ်ဦးတို့ဟာ သူတို့တောင်ယာတွေမီးရှို့တာကို အသိမပေးဘဲပေါ့လျော့စွာမီးရှို့ခဲ့တာကြောင့် ဆန်ဝယ်ပြန်လာတဲ့(၄ )ဦးသေဆုံးရတယ်လို့ထန်ခေါ်လန်မကျေးရွာလူကြီး(စော်ဘွား)ရဲ့ပြောပြချက်အရသိရပါတယ်။သေဆုံးတဲ့သူတွေကအသက်(၃၅ )နှစ်(၃၀ )နှစ်နဲ့(၁၅)နှစ်အရွယ်အမျိုးသမီး(၃)ယောက်၊(၁၅)နှစ်အရွယ်အမျိုးသားတစ်ယောက်တို့ဖြစ်ပါတယ်"ဟုဦးစိုးပိုင်ကပြောသည်။ ထန်ခေါ်နောက်ကုန်း ကျေးရွာ၏ အနောက်ဖက်(၃)မိုင်ခန့်အကွာရှိ(၁၅)ဧကအကျယ် အမြင့်ပေ (၃၀၀၀) နီးပါးရှိသောတောင်တစ်ခုလုံးမီးလောင် ကျွမ်းထားကြောင်း သွားရောက်စစ်ဆေးသောလဟယ်မြို့မရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ၏စစ်ဆေးချက်အရသိရသည်။ မီးအားပေါ့ဆစွာအသုံးပြုခဲ့သဖြင့် လူ့အသက်ဆုံးရှုံးစေခဲ့သူ (၃)ဦးကို လဟယ်မြို့မြို့မရဲစခန်း(ပ)၂/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၂၈၅/ ၃၀၄-က ဖြင့်အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မျိုးမောင်မောင်-မုံရွာ ဓါတ်ပုံ လဟယ်မီးသတ် Crd