
နိုင်ငံတဝှမ်းကို အရေးပေါ်အခြေအနေအဖြစ် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတ တာဝန်ယူပြီး ကြေညာလိုက်ပါတယ်။ ဒီကနေ့မနက်မှာ မြဝတီသတင်းဌာနကတဆင့်ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။ ဒီထုတ်ပြန်ချက်မှာ မဲစာရင်းတွေမှားယွင်းတာ၊ မဲစာရင်းပြဿာနာ တွေကိုဖြေရှင်းဖို့ ငြင်းပယ်တာ ၊ ပြည် သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် အစည်းအဝေးကိုရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာကို ရွှေ့ဆိုင်းမှုမရှိတာ ၊ ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ်ထုတ်ပြန်တာ ဒီအစီအစဉ်အတိုင်း လုပ်ဆောင်တာဟာ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော် ရဲ့ အချုပ်အခြာ အာဏာကို အဓမ္မနည်းနဲ့ ရယူ တာဖြစ်ပြီးတိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကိုပျက်ပြားစေတယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် မြိုနယ်အသီးသီးမှာ ရွေးကောက်ပွဲ ကော်မရှင်ကို မယုံကြည်လို့ ဆန္ဒပြမှုတွေဖြစ်ပေါ်နေပြီး အခြားပါတီ အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ် တွေအနေနနဲ့ ထောက်ခံပွဲ အလံလွှင့်ထူတာတွေအပါအဝင် လှုံဆော် မှုတွေ ပြုနေတာကိုတွေ့ရပြီး နိုင်ငံတော်တည်ငြိမ်မှုကို ထိခိုက်စေ တာကြောင့် ဒီပြဿနာကို မဖြေရှင်းနိုင်ရင် ဒီမိုကရေစီလျှောက်လှမ်းမှုမှာ အခက်အခဲတွေဖြစ်လာမယ်လို့ ပါရှိပါတယ်။ ဒါကြောင့်ဥပဒေနဲ့အညီ ဖြေရှင်းလို အပ်လာတာကြောင့် အခြေခံဥပဒေ ပုဒ်မ ၄၁၇ (က) အရ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေ ကြေညာလိုက်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် မဲစာရင်းစစ်ဆေး အတည်ပြု တာတွေအပါအဝင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် အခြေခံဥပဒေ ၄၁၈ ပုဒ်မခွဲ (က) အရ နိုင်ငံတော် ဥပဒေပြုရေး ၊အုပ်ချုပ်ရေး ၊တရားစီရင်ရေးအာဏာ တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကို လွှဲအပ်တာဝန်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။ အရေးပေါ်အခြေအနေသက်ရောက်မှုနယ်မြေဟာ နိုင်ငံတစ်ဝန်းဖြစ်ပြီး အရေးပေါ်အခြေအနေကို ဒီအမိန့်ထုတ်ပြန်တဲ့နေ့ကစပြီး တစ်နှစ်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဓာတ်ပု − AFP Credit: