
ဒီနေ့ မြန်မာလုပ်သား ၂၀၀ ခန့် ထိုင်းယာယီဆေးရုံကနေ ထပ်မံ ဆေးရုံဆင်းခွင့်ရ ဇန်နဝါရီ-၁၁၊ ၂၀၂၁ ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်ခရိုင် ဘောလုံးအားကစားကွင်းက ယာယီဆေးရုံမှာ ဆေးကုနေတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၂၀၀ ခန့် ဒီကနေ့မှာ ဆေးရုံကနေ ထပ်မံဆင်းခွင့်ရရှိတယ်လို့ သတင်းရရှိပါတယ်။ ရောဂါပြန်သက်သာလို့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ယာယီဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တာဖြစ်ပြီး အလုပ်သမားနေထိုင်တဲ့ မဟာချိုင် ပုဇွန်ဈေးထိ စစ်ကားတွေနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆမွတ်ဆာခွန်ခရိုင်ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ယာယီဆေးရုံကနေ ဆင်းခွင့်ရရှိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ကိုဗစ်ကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးပြီး ဆမွတ်ဆာခွန်ခရိုင်က ဘယ်ဒေသကိုမဆို ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သွားလာခွင့်ရှိတယ်လို့ အဲ့ဒီအသိအမှတ်ပြုလက်မှတ်မှာ ပါရှိကြောင်း သိရပါတယ်။ မနေ့လည်း ဆမွတ်ဆာခွန်ခရိုင် ဘောလုံးအားကစားကွင်းမှာရှိတဲ့ ယာယီဆေးရုံကနေ ရွှေ့ပြောင်းမြန်မာလုပ်သား ၃၀၀ ဆင်းခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၀ နဲ့ ၁၁ ရက် နှစ်ရက်တာကာလအတွင်း ယာယီဆေးရုံကနေ ဆင်းခွင့်ရရှိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၄၇၂ ဦးရှိပြီး သူတို့တွေဟာ ယာယီဆေးရုံမှာ ၁၀ ရက်ကနေ ၁၄ ရက်အထိ ဆေးကုသမှုခံယူနေရတာဖြစ်တယ်လို့ ဆမွတ်ဆာခွန်ခရိုင် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ် ။ ယာယီဆေးရုံကနေ ဆင်းခွင့်ရရှိသွားတဲ့ မြန်မာအလုပ်သမားတစ်ဦးကတော့ ယာယီဆေးရုံမှာ ၅ ရက်တာနေထိုင်ခဲ့ရပြီး ဓာတ်မှန်ရိုက်ပေးတာကလွဲလို့ တခြားဘာဆေးမှလည်း တိုက်ကျွေးမှုမရှိဘူးလို့ ပြောသွားပါတယ်။ ယာယီဆေးရုံကနေ ဆင်းခွင့်ရရှိသွားတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ပိုးကူးစက်ခံရတာဖြစ်ပြီး အဲ့ဒီနောက် ယာယီဆေးရုံကို ခေါ်ဆောင်ကာ ထားရှိကုသပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး ဆမွတ်ဆာခွန်ခရိုင် မဟာချိုင် ပုဇွန်ဈေးမှာ အမျိုးသမီးတစ်ဦးထံကနေ ကိုဗစ်စတင်တွေ့ရှိခဲ့ပြီး ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့အထိ ပိုးကူးစက်ခံရသူဦးရေဟာ ဆမွတ်ဆာခွန်ခရိုင်တခုတည်းမှာ သုံးထောင်ကျော်ရှိခဲ့တာပါ။ အဲ့ဒီပိုးကူးစက်ခံရတဲ့သူဦးရေ သုံးထောင်ကျော်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုပါဝင်နေတာဖြစ်ပါတယ်။ ပိုးကူးစက်ခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ကစပြီး မဟာချိုင်က ယာယီဆေးရုံတွေမှာ ထားရှိကုသမှုပေးနေတာဖြစ်ပါတယ်။ ထိုင်းအစိုးရအာဏာပိုင်တွေကတော့ယာယီဆေးရုံတွေမှာ ရောဂါလက္ခဏာမပြင်းထန်တဲ့ ပိုးတွေ့လူနာတွေကို ထားရှိကုသပေးတာဖြစ်ပြီး ရောဂါလက္ခဏာပြင်းထန်တဲ့ ပိုးတွေ့လူနာကိုတော့ ပင်မဆေးရုံကြီးထံ ပို့ဆောင်ကုသပေးနေတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ Credit: 7Day