
မန္တလေးတွင် ဆန်ဈေး မမြင့်တက်ရန် ဆောင်ရွက်နေဟုဆို ================================ မန္တလေးခရိုင်အတွင်း ဆန်ဈေးနှုန်းများ မြင့်တက်မှု မရှိစေရေးအတွက် မန္တလေး တိုင်းဒေသကြီး ဆန် ကုန်သည်များအသင်းနှင့် ညီနောင်အသင်းများ ပူးပေါင်း ဆောင်ရွက်နေပြီး ဈေးမတက်ဘဲ ရောင်းချပေး နေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးဌေးလွင်က ပြောသည်။ လောလောဆယ်မှာတော့ ကျနော်တို့ အသင်းအဖွဲ့တွေအနေနဲ့က ရှိထားတာလေးတွေကို ပြည်သူကို ဈေးမတက်ဘဲ ရောင်းချပေးဖို့တော့ အားလုံးကို မေတ္တာရပ်ခံထားပါတယ်၊ ဆန်အဖွဲ့တွေအားလုံးကလည်း ရှိထားတဲ့ ဆန်ကိုတော့ ဈေးမတက်ဘဲ ရောင်းပေးနေတာပေါ့၊ ဒါပေမယ့် ရောင်းနေပြီဆိုတော့ တဖြည်း ဖြည်း ကုန်သွားမှာပေါ့ဗျာ၊ အဲဒီတော့ နောက် ထပ် ဝယ်ဖြည့်ရမယ့်ဟာကိုတော့ ကျွန်တော်တို့အနေနဲ့ ဘယ် လိုမှ ထိန်းသိမ်းလို့ရမှာ မဟုတ်ဘူး၊ လက်ရှိအခြေအနေကတော့ တတ်နိုင်သလောက် ထိန်းပေးနေပါ တယ်ဟု ယင်းက ပြောသည်။ တပ်မတော်က နိုင်ငံတော်အာဏာကိုရယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ ဆန်ဝယ်ယူမှုများပြား လာခြင်းကြောင့် မန္တလေးဆန်ဈေးကွက်တွင် ဈေးနှုန်းမြင့်တက်မှုများ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အခုလိုအချိန်မှာ ဈေးကွက်ကို တည်ငြိမ်အောင် ခန့်မှန်းလို့ မရဘူးဗျ၊ ဈေးကွက်မှာ ကိုယ်ရောင်းချင်သလို ရောင်းတဲ့ပုံစံမျိုး ဖြစ်လာတော့ ပိုပြီး ထိန်းရတာ ခက်လာတယ်၊ ဘာကြောင့်လဲဆိုတော့ အမှန်ပေါက်ဈေး အတိုင်းမရောင်းချင်တဲ့ လောဘ သားတွေ ပါလာပြီလေ၊ အဲဒီလို အခက်အခဲလေးတွေကို လက်ရှိ ရင်ဆိုင်နေကြရတယ်ဟု ဦးဋ္ဌေးလွင်က ဆက်လက် ပြောသည်။ ယခုအခါ နိုင်ငံတော်အရန်ဆန်မှ ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုန်းဖြင့် ထုတ်ရောင်းပေးနေမှုရှိနေဆဲဖြစ် သောကြောင့် ဆန်ဈေးများ အဆမတန် မြင့်တက်မှု ရှိမလာစေရန် ထိန်းသိမ်းနိုင်ဆဲဖြစ်သော်လည်း ဖေဖော် ဝါရီလ ၂ ရက်မှ စတင်၍ နိုင်ငံ တော်အရန်ဆန် ရောင်းချမှုကို ရပ်နားခဲ့ကြောင်း သိရသည်။ အခု နိုင်ငံတော်အရန်ဆန်ကလည်း မနေ့က နေ့လယ်ပိုင်းက စပြီး ဘယ်သူ့မှ ရောင်းမပေးတော့ဘူးလို့ သိရတော့ ရေရှည်မှာ တော့ ထိန်းသိမ်းဖို့ မလွယ်နိုင်ဘူး၊ လက်ရှိမှာ ရှိနေတဲ့ ဆန်က နောက်ထပ် အလွန် ဆုံး ၁၅ ရက်လောက်ပဲ ရောင်းပြီး ထိန်းနိုင် တော့မယ်၊ ဝယ်လိုအားက အခုလို များနေဦးမယ်ဆိုရင် ကျွန် တော်တို့အနေနဲ့ ဆန်ဈေးမတက်အောင် ရေရှည် မထိန်းနိုင် တော့ဘူး၊ ကျနော်တို့ နောက်ထပ် ဖြည့်ဖို့ အားက မလွယ်တော့ဘူးလေ၊ ပြန်ဝယ်ရမယ့် ဆန်ဈေးတွေက တက်နေတဲ့အတွက် ပူပင်ရတာပေါ့ဟု ယင်းက ပြောသည်။ လက်ရှိ ဆန်ဈေးကွက်အတွင်း၌ ဆန်တစ်ပြည်လျှင် ကျပ် ၃၀၀ မှ ၅၀၀ ခန့်ထိ မြင့်တက်နေပြီး ဝယ်ယူ သိုလှောင်နေခြင်းများလည်း ရှိနေကြောင်း သိရသည်။ "၁ ရက်နေ့ မတိုင်ခင်အထိတော့ ဆန်ဈေးက ပုံမှန်ပါပဲ၊ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ ဆန်အဝယ် လိုက် တာတယ်၊ ဆန် ဈေးနှုန်းက ဆန်အချောဈေးရော ဆန်အကြမ်းအောက်စလေးတွေပါ ဈေးတွေ တက်လာ ပါတယ်၊ ဆက်ပြီးတက်မယ်ဆိုရင်တော့ အခက်အခဲတွေရှိလာနိုင်တယ်ဟု ချမ်းအေးသာစံမြို့ နယ်အတွင်း ရှိ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။ နိုင်ထူး(သတင်း-ဓာတ်ပုံ) Crd