မြန်မာနိုင်ငံမှာ ဘီယာထုတ်လုပ်မှု အကျိုးတူ ဖက်စပ် လုပ်ကိုင်နေမှု ရုပ်သိမ်းကြောင်း Kirin Holdings ကြေညာ မြန်မာနိုင်ငံမှာ ဘီယာ ထုတ်လုပ်မှု ဖက်စပ်လုပ်ကိုင်နေမှု နှစ်ခုကို ရုပ်သိမ်းကြောင်း ဂျပန် ကုမ္ပဏီ Kirin Holdingsက ကြေညာခဲ့ပါတယ်။ Kirin Holdingsဟာ မြန်မာနိုင်ငံမှာ တပ်မတော် အာဏာသိမ်းမှု ဖြစ်စဉ်အပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း စတင် ဆန့်ကျင် တုံ့ပြန်လာတဲ့ ဂျပန် ကုမ္ပဏီ ဖြစ်လာပါတယ်။ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကုမ္ပဏီရဲ့ စံနှုန်းတွေ၊ လူ့အခွင့်အရေး မူဝါဒတွေနဲ့ လုံးဝဥဿုံ ဆန့်ကျင်နေကြောင်း Kirin Holdingsက ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခြေအနေတွေအရ Myanma Economic Holdings (MEHL) ကုမ္ပဏီ လီမိတက်နဲ့ ပူးပေါင်းပြီး စီးပွားရေး လုပ်ဆောင်မှုတွေကို ရပ်တန့်ပစ်လိုက်ဖို့ကလွဲရင် တခြား ရွေးချယ်စရာ မရှိတော့ဘူးလို့လည်း ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ Kirin Holdingsက ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်း အကောင်အထည် ဖော်မှာဖြစ်တယ်လို့လည်း ကြေညာသွားပါတယ်။ ၂၀၁၅ တုန်းက သူတို့ အနေနဲ့ မြန်မာနိုင်ငံမှာ စတင် ရင်းနှီး မြှုပ်နှံခဲ့ကြောင်း၊ ဒါကလည်း ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ ကာလမှာ မြန်မာ ပြည်သူတွေနဲ့ နိုင်ငံရဲ့ စီးပွားရေးအတွက် အပေါင်းလက္ခဏာဆန်ဆန် ပါဝင် ကောင်းကျိုးပြုနိုင်မယ်လို့ ယုံကြည်တာကြောင့် ဖြစ်ကြောင်း ဂျပန် ကုမ္ပဏီက ထုတ်ပြန်သွားပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က Kirin Holdingsရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်း ကြေညာခဲ့ပါတယ်။ တပ်မတော်နဲ့ ဆက်နွှယ်မှု ရှိနေတဲ့ တခြား နိုင်ငံရပ်ခြား ကုမ္ပဏီကြီးတွေ အနေနဲ့လည်း Kirin Holdingsရဲ့ လမ်းစဉ်အတိုင်း လိုက်ပြီး ခပ်မြန်မြန်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ကြဖို့ HRWက တိုက်တွန်းခဲ့ပါတယ်။ Credit:
