
မုံရွာမြို့တွင်ညမထွက်ရအမိန့်နှင့် လူ၅ဦးထက်ပိုမစုရန် အမိန့်ထုတ် ========================================== စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ည ၈ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးလူ ၅ ဦးထက်ပိုမစုရန် ဖေဖော်ဝါရီလ ၈ရက်က မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးလက်မှတ်ဖြင့် ထုတ်ပြန် ထားသည်။ မုံရွာမြို့နယ်နယ်နိမိတ်အတွင်း လူအချို့က ပြည်သူတို့၏ လုံခြုံရေး နှင့်တရားဥပဒေစိုးမိုးရေးကိုထိခိုက် ပျက်ပြားစေရန် စိုးရိမ်ဖွယ်ရှိသည့်အပြုအမူများ ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တည်ငြိမ်အေးချမ်းရေးနှင့်အများပြည်သူလုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယူဆသဖြင့် မုံရွာမြို့နယ်အတွင်းစုဝေး ခြင်းဟောပြောခြင်း ယာဉ်တမျိုးမျိုးကိုသုံး၍ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေစီတန်းလှည့်လည်ခြင်း လှုံ့ဆော် ဆန္ဒပြခြင်း ဖျက်ဆီးခြင်း ရုန်းရင်းဆန်ခတ်ပြုမူခြင်းများမပြုလုပ်ရန်တားမြစ်လိုက်ကြောင်းပါဝင်သည်။ လူ၅ဦးသို့မဟုတ် ၅ဦးထက်ပိုသောသူများသည် မုံရွာမြို့တွင်းလမ်းမကြီးများ၊ အများသွားရာလမ်း လမ်း သွယ် လမ်းကြား ဥယျာဉ် သို့မဟုတ်အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည၈နာရီမှနံနက်၄နာရီအထိ ညမထွက်ရအမိန့်ကိုထုတ်ဆင့်လိုက်ကြောင်းပါဝင်သည်။ ယင်း အမိန့်ကိုနောက်ထပ်အမိန့်တစ်စုံတရာမရမချင်းအတည်ဖြစ်ပြီး ဖေဖော်ဝါရီလ၈ရက် တွင်ရုံးတံဆိပ် ရိုက်နှိပ်၍လက်မှတ်ထိုးထုတ်ဆင့်လိုက်ကြောင်းအဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မျိုးမောင်မောင် (မုံရွာ) photo-wikipedia Credit: