No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

Updated: (1/28 PM) 02/11/2021 နိုင်ငံအနှံ႔က ကော်မရှင် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ ဖမ်းဆီးခံထားရ ~~~~ ■ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် တစ်နိုင်ငံလုံးက ကော်မရှင် အဖွဲ့ခွဲတွေရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး တော်တော်များများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနေ့ညနဲ့ ဒီနေ့မနက်အစောပိုင်းမှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ RFAက ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်အထိ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၄၀ နီးပါး ရှိနေပါပြီ။ ပဲခူး၊ အုန်းသျှစ်ပင်၊ ဆင်ဖြူကျွန်း၊ သထုံ၊ ပေါက်၊ မလှိုင် ၊ နွားထိုးကြီး ၊ ညောင်ဦး ၊ စဉ့်ငူ ၊ မိတ္ထီလာ၊ ရှမ်းပြည်နယ်က ဟိုပုန်း ၊ ရွာငံ ၊ကျောက်မဲ၊ နမ့်ခမ်း၊ နာဂ ကိုယ်အုပ်ချုပ်ခွင့် ရဒေသက လေရှီး ၊ လဟယ် ၊ နန်းယွန်း ၊ မကွေးတိုင်း ပွင့်ဖြူ ၊မင်းတုန်း၊ ချောက်၊ တနသာင်္ရီတိုင်းက ကော့သောင်း ၊ ကချင်ပြည်နယ် ဗန်းမော် ၊ စစ်ကိုင်းတိုင်း စစ်ကိုင်း ၊ စလင်းကြီး၊ အရာတော် ၊ ကရင်ပြည်နယ် မြဝတီ ၊ နေပြည်တော် ၊ ဥတ္တရသီရိ ၊ တပ်ကုန်း စတဲ့မြို့နယ်တွေက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှုး တွေ ဖမ်းဆီးခံထားရတာပါ။ အသက် ၇၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကျောက်မဲမြို့နယ် ဥက္ကဋ္ဌ ဦးစိုးထွန်းကို ဒီနေ့ မနက် ၂ နာရီက နေအိမ်မှာရှိနေစဉ် လာရောက်ဖမ်းဆီးသွားခဲ့ပြီး အခုထိ အဆက်အသွယ် မရဘူး လို့ ဆိုပါတယ်။ ဦးစိုးထွန်းကို အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း မနက် ၁၀ နာရီ လောက်မှာ ဖမ်းဆီးခဲ့ပြီး အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။ လက်ရှိမှာ သူဟာ ဒုတိယအကြိမ်မြောက် ဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ မိုင်းကိုင်မြို့နယ်က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကိုလဲ မနေ့ညက လာရောက်ဖမ်းဆီးခဲ့ရာမှာ နေအိမ်မှာမရှိတဲ့အတွက် ဖမ်းဆီးနိုင်ခြင်းမရှိပဲ ပြန်သွားခဲ့တယ်လို့ မိသားစုဝင်တွေက RFA ကို ဆက်သွယ်ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ ဂွ၊ မာန်အောင် စတဲ့မြို့နယ်တွေက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ၅ ဦးကို မနေ့ညက စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပူးပေါင်း ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။ ရမ်းဗြဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျင်သောင်း၊ ဂွမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင်ဆန်း၊ အမ်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဦးခင်မောင်ချေ၊ မာန်အောင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစန်းလွင်နဲ့ တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်လွင်တို့ ဖမ်းဆီးခံ ရတာပါ။ ရမ်းဗြဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျင်သောင်းကို မနေ့က ည ၁၁ နာရီ ကျော်လောက်မှာ ရဲနဲ့ စစ်တပ်က နေအိမ်ကနေ ဝင်ရောက် ခေါ်ဆောင် သွားတာ ဖြစ်တယ်လို့ သားဖြစ်သူ ကိုသက်နိုင်ဦးက RFA ကိုအတည်ပြုပြောပါတယ်။ အလားတူ မာန်အောင်မြို့က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစန်းလွင်ကိုလည်း မနေ့က ည ၁၀ နာရီ လောက်မှာ စစ်တပ်နဲ့ရဲက ဖမ်းဆီးသွားပြီး အခုလက်ရှိ ကမောင်တောင်ကြေး တပ်ထဲမှာထားတယ်လို့ မြေးဖြစ်သူ ကိုအောင်မြင့်သူ ကပြောပါတယ်။ အမ်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုလည်း အခုလိုပဲဖမ်းဆီးသွားပြီး လက်ရှိ အချိန်အထိ အဆက်အသွယ်မရသေးလို့ စိုးရိမ်နေကြတယ်လို့ အမျိုးသမီး ဖြစ်သူ ဒေါ်လှစောနု ကပြောပါတယ်။ တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုတော့ ဒီနေ့မနက်ကပဲ သူရဲ့ဆိုင် ကနေ ဖမ်းဆီးသွားတာဖြစ်ပြီး ဂွမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကိုတော့ မနေ့ကည ၁ နာရီဝန်းကျင်မှာ ဖမ်းသွားတာဖြစ်ပါတယ္။ ဖမ်းဆီးသွားသူတွေကို နီးစပ်ရာ တပ်စခန်းတွေကို ခေါ်ဆောင်သွားကြတာလို့ သိရပြီး တချို့ကိုလည်း ဘယ်ခေါ်သွားတယ်ဆိုတာ မသိရဘူးလို့ မိသားစုဝင်တွေက ပြောကြပါတယ်။ Credit: