
ဈာပနအခမ်းအနားပြုလုပ်၍ အာဏာရှင်စနစ်အားဆန့်ကျင် ရန်ကုန်- ၂၀၂၁ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း) အိမ်မက်၊ မျှော်လင့်ချက်များသေဆုံးခြင်း ဈာပန အခမ်းအနားကျင်းပပြီး စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုသည့် လူငယ်များ၏ ဆန္ဒဖော်ထုတ်မှု အခမ်းအနားကို ယနေ့ မနက်ပိုင်းတွင် လှည်းတန်းလမ်းဆုံ၌ ကျင်းပခဲ့သည်။ လူငယ်များက လှည်းတန်းဂုံးတံတားအောက်၌ မြေပြင်ပေါ်တွင် လှဲအိပ်ကာ အာဏာသိမ်းမှုကြောင့် သူတို့၏ အနာဂတ်များသေဆုံးခြင်းပုံစံ သရုပ်ဖော် ဆန္ဒဖော်ထုတ်နေလျက် ရှိသည်။ ယင်းအခမ်းအနား၌ ပါဝင်သူလူငယ်တစ်ဦးက "စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ကျွန်တော်တို့လူငယ်တွေရဲ့ ငြိမ်းချမ်းခြင်းတွေ၊ အနာဂတ်တွေ မဲ့ကုန်တဲ့အတွက် ဒီလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်" ဟု ပြောသည်။ ရန်ကုန်မြို့တွင် စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် သိန်နဲ့ချီသော လူထုများ လမ်းပေါ်တက် ဆန္ဒဖော်ထုတ်နေသည်မှာ ယနေ့ဆိုလျှင် ၁၁ ရက်ရှိပြီဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးပြီး နိုင်ငံတော် အာဏာကို အာဏာသိမ်း စစ်ကောင်စီက ရယူထားသည်မှာ ယနေ့ဆိုလျှင် ၁၆ ရက် ရှိပြီဖြစ်သည်။ ဓါတ်ပုံများ- မော်ကွန်း Credit: