No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ၅၀၅(ခ)ဖြင့် တရားစွဲဆို၊ ချုပ်ရမန်ပေး ======================================================= မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အား နိုင်ငံတော်အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို၍ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် ချုပ်ရမန်ပေးခဲ့ကြောင်း အောင်မြေသာစံမြို့နယ်တ ရားရုံးက သိရသည်။ “ဒီနေ့က စွပ်စွဲခံရသူ ရုံးရှေ့အရောက်ဖြစ်ပါတယ်၊ ဒီနေ့ရုံးရှေ့အရောက်ဖြစ်ရမှာကို လုံခြုံရေးအခြေအနေ အရ ရဲတပ်ဖွဲ့က လုံခြုံရေးမပေးနိုင်တာကြောင့် ၂၂ ရက်နေ့ကို ရုံချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်၊ မြို့တော် ဝန် ကြီး မပါပါဘူးဗျ၊ ဒီနေ့ကတော့ Video Conferencing နဲ့ စွပ်စွဲခံရသူ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့် မောင်ကို ချုပ်မိန့် ရမန် ပေးခဲ့တာပါ၊ ကျနော်တို့ တရားရုံးကတော့ မန္တလေးအကျဉ်းထောင်မှာ ချုပ်ဖို့ ချုပ်မိန့် ပေးထားပါတယ်”ဟု အောင်မြေသာစံမြို့နယ်တရားရုံး သတင်း ပြန်ကြားရေးအရာရှိ ဦးလှမျိုးဝင်းက ပြောသည်။ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အား ဖေဖော်ဝါရီလ ၁၅ ရက်က မန္တလေးတိုင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှုး ဒေါ်နွယ်နီခိုင်အနေဖြင့် တရားလိုပြုလုပ်၍ နိုင်ငံတော်အကြည် ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပုဒ်မဖြင့် တရားစွဲဆိုရခြင်းမှာ ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ကြေညာချက်များ ထုတ်ပြန်ခဲ့ ခြင်းကြောင့်ဖြစ်ကြောင်းလည်း သိရသည်။ “တရားစွဲဆိုရတဲ့အကြောင်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေ ကြေညာချက် ၅ စောင် ထုတ်ပြန်ခဲ့တယ်၊ အဲဒီကြေညာချက်တွေက လက်ရှိနိုင်ငံတော်အစိုးရကို ဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျုးလွန်ချင် လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိကြောင်း(သို့) ထိုသို့ဖြစ်စေနိုင်သည့်အကြောင်း ရှိသောကြောင့် ဒေါက်တာဇော်မြင့်မောင်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)အရ အရေးယူ ပေးပါဆိုပြီး ဦးတိုက်လျှောက်လွှာနဲ့ တိုင်တန်းခဲ့တာဖြစ်ပါတယ်ခင်ဗျ”ဟု ဦးလှမျိုးဝင်းက ဆက်လက် ပြောသည်။ နိုင်ထူး(သတင်း-ဓာတ်ပုံ) Credit: