
စည်သူ ရန်ကုန် -၂၀၂၁ ဖေဖော်ဝါရီ ၂ (မော်ကွန်း) နေပြည်တော်၊ စည်ပင်ရိပ်သာမှာ ဖမ်းဆီးခံ ထားရတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေကို နေရပ်သို့ ပြန်ခွင့်ပြုသည်ဟု တပ်မတော် တာဝန်ရှိသူ တွေက လိုက်လံအသိပေးကြောင်း ထိန်းသိမ်းခံ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့က ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနိုင်နိုင်ဝင်းက "CECတွေရဲ့ သဘောထားအတိုင်းပဲလိုက်နာရမှာပေါ့။CECကလည်း ပြန်ခွင့်ပြုလိုက်ရင်တော့ ပြန်တော့မှာပေါ့နော်။အခုထိတော့ မသိသေးဘူး။CECက ညနေပိုင်းလောက်တော့ပြောလာလိမ့်မယ်ထင်တယ်"လို့ ပြောပါတယ်။ ထိုသို့ လွှတ်တော်ကိုယ်စားလှယ်များကို နေရပ်ပြန်ခွင့် ပြုနေမှုနှင့်ပတ်သက်ပြီး ချက်ခြင်းမပြန်ကြသေးဘဲ ခေါင်းဆောင်များ၏ညွှန်ကြားချက်များကိုဆက်လက်စောင့်စားရန် ပါတီအနေဖြင့်မှာကြားထားသည်ဟု NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက သူ၏ လူမှုကွန်ယက်အကောင့် တွင် သတင်းထုတ်ပြန်ပါတယ်။ ထို့အပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများ (ပြုတ်/ဖြုတ်) ကို နေအိမ်မှ ၃ ရက်အတွင်းရွေ့ပြောင်းရန်အတွက်အမိန့်ပေးနေပြီး ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီး/ဒုဝန်ကြီးအိမ်ရာဝင်း အဝင်အထွက်လမ်းများတွင် တားဆီးထားခြင်းများကို လျှော့ချပေးလိုက်သည်ဟု ဦးကြည်တိုးက ပြောတယ်။ သမ္မတဦးဝင်းမြင့်ကို သမ္မတအိမ်တော်မှ အခြားနေအိမ်တစ်ခုသို့ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်းသိရှိရပြီးနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို ရွှေ့ပြောင်းရန်ပြောကြားခြင်း ယခုအချိန်ထိ မရှိသေးဘူးဟု သူက ဆိုတယ်။ ဖေဖော်ဝါရီ ၁ရက်တွင် ကျင်းပမည့် တတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကို တတ်ရောက်ရန် အတွက် နေပြည်တော်သို့ ရောက်နေသော တစ်နိုင်ငံလုံးမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် သမ္မတအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အစိုးရ တစ်ဖွဲ့လုံးကို ဖမ်းဆီးကာ ထိုနေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းဖြစ်သည်။ ဓါတ်ပုံ-မော်ကွန်း - လွှတ်တော်ကိုယ်စားလှယ်များကိုထိန်းသိမ်းထားသည့် နေပြည်တော်စည်ပင်ရိပ်သာဝင်း အဝင်ဝ 𝕄𝕒𝕨𝕜𝕦𝕟 𝕄𝕒𝕘𝕒𝕫𝕚𝕟𝕖 #Chronicle #Dailynews Article on Website - https://is.gd/2HpE8F Credit: