ပထမဦးစွာ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးကော်မတီဝင် ဦးထွန်းမြင့်၏ ''အင်းစိန်အကျဉ်းထောင်၌ အကျဉ်းသား ရှိသင့်ရှိထိုက်သည်ထက် ပိုများနေခြင်းကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနိုင်ကြောင်း'' ချင့်ချိန်တွေးဆ ခန့်မှန်းခြေပြောဆိုခြင်းမှာ အလွန်ပင် မှန်ကန်နေကြောင်းကို သိရှိခဲ့ရပါသည်။ အကျဉ်းသား ၁၂ဝဝဝ ကျော်ရှိနေခြင်းက ရှိသင့်သည်ထက် ပိုများနေခြင်းဖြစ်သည်ဟုဆိုရာတွင် အကျဉ်းသားချည်း ၁၂ဝဝဝ မဟုတ်ဘဲ အကျဉ်းသား ၃ဝဝဝ နှင့် ၄ဝဝဝ ကြားရှိကာ အချုပ်သားများမှာ ၁ဝဝဝဝ နှင့်အထက် အမြဲတမ်းလိုလို ရှိနေတတ်ပြီး အင်းစိန်အကျဉ်းထောင်တွင် နေ့စဉ် အကျဉ်းသားအချုပ်သားဦးရေသည် ၁၂၅ဝဝ နှင့် ၁၅ဝဝဝ ကြားတွင်ရှိနေတတ်သည်ဟု သိရသည်။ ထို့ပြင် လွတ်ရက်စေ့သော အကျဉ်းသားများနှင့် တရားရင်ဆိုင်ဖြေရှင်းရန် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းရုံး အသီးသီးသို့ ရုံးထုတ်သွားကြရာမှ အာမခံရသွားကြသူများနှင့် လွတ်မြောက်သွားကြရသူများလည်း နေ့စဉ်အစိုးရ ရုံးဖွင့်ရက်များတွင် အယောက် ၁ဝဝ နှင့် ၂ဝဝ ကြားရှိနေကြောင်းလည်း သိရှိရသည်။ သို့သော် အမှန်တကယ်တွင် လွတ်မြောက်သူအကျဉ်းသား၊ အချုပ်သားဦးရေထက် ရဲစခန်းများ၊ တရားရုံးများက နေ့စဉ်ရောက်ရှိလာနေသော ကျသစ် (အကျဉ်းသားအသစ်)၊ ချုပ်သစ် (အချုပ်သားအသစ်များမှာ) အဝင်နှင့် အထွက် အဆများစွာကွာဟနေကာ မမျှတသဖြင့် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသား၊ အချုပ်သားဦးရေသည် ရှိသင့်သည့်ဦးရေထက် နှစ်ဆ သုံးဆခန့် မြင့်တက်ကာ စံချိန်တင်တိုးမြင့်နေလျက် ရှိလေသည်။ Credit:
