No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူ ၅၀၀ ကျော်ရှိလို့ AAPP ထုတ်ပြန် ~~~~~~ ■ တပ်မတော်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၈ ရက် မနေ့ကအထိ စစ်ကောင်စီအစိုးရရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၂၁ ဦး ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ပြောပါတယ်။ “ ဖမ်းဆီးနေရုံနဲ့ ဒီပြဿနာပြီးသွားမှာ မဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် တက်ကြွလှုပ်ရှားသူတွေ အမြောက်အများကို ဖမ်းဆီးနေပေမယ့် တော်လှန်ရေးတိုက်ပွဲက ပြီးသွားမှာမဟုတ်ဘူး။ ဒါ အဖြေမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ပြည်သူတွေက သူတို့ရဲ့ လိုလားချက်တွေကို တောင်းဆိုနေကြတာ အားလုံးကတူတူပဲ။ အခုဆိုရင် ဝန်ထမ်းတွေကအစ CDM လှုပ်ရှားမှုမှာ ပါဝင်လာကြတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့က လူတွေကိုဖမ်းနေလို့ ပြီးသွားမှာ မဟုတ်ဘူး။ ပြည်သူတွေ လိုလားတောင့်တာနေတဲ့ ဆန္ဒတွေကို အမြန်ဆုံးဖြည့်ဆည်းပေးဖို့ အင်မတန် အရေးကြီးပါတယ်“ ဖမ်းဆီးခံခဲ့ရသူတွေထဲက ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ သုံးဦး၊ ဖမ်းဝရမ်းနဲ့ အမှုဖွင့်ခြင်းခံထားရ သူ ၃၂ ဦး၊ အမှုဖွင့်ခံထားရသူ သုံးဦးနဲ့ ပြန်လည်လွတ်မြောက်လာသူ ၄၄ ဦး ရှိခဲ့တာကြောင့် လက်ရှိအချိန်အထိ ၄၇၇ ဦးဟာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေနဲ့ ကျောင်းသားလူငယ်တွေ ဖမ်းဆီးခံထားရတာပါ။ တချို့က နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံထားရပြီး၊ တချို့က စစ်တပ်၊ အကျဉ်းထောင်နဲ့ ရဲစခန်းမှာ ဖမ်းဆီးခံထားရတာတွေရှိပေမယ့် တချို့ကိုတော့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဦးအောင်မျိုးကျော်က ဆိုပါတယ်။ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေ အပါအဝင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ဌာနဆိုင်ရာအသီးသီးတို့က အစိုးရဝန်ထမ်းတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်တွေမှာ လိုက်ပြီးဖမ်းဆီးတာတွေ ဆက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက် မနေ့က နေပြည်တော်၊ မြစ်ကြီးနားနဲ့ မြဝတီမြို့တွေမှာ စစ်အစိုးရဆန့်ကျင်ဆန္ဒပြသူ ၅၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် ၁၅ ဦးကိုလည်း သက်ဆိုင်ရာမြို့နယ် တရားရုံးတွေမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားသလို အစိုးရဝန်ထမ်းတွေ CDM ထဲပါဝင်လာစေဖို့အတွက် လှုံ့ဆော်တယ်ဆိုပြီး ထင်ရှားတဲ့ အနုပညာရှင် ခြောက်ဦးကိုလည်း အာဏာသိမ်းအစိုးရက ဖမ်းဝရမ်းထုတ်ထားပါတယ်။ Credit: