
အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးတွေက စစ်အာဏာသိမ်းမှုကို ပူးတွဲရှုတ်ချ အမေရိကန်နဲ့ ဥရောပ အင်အားကြီး သုံးနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ထည့်သွင်း ဖော်ပြသွားခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၊ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဂျန်ယိဗ် လုဒရီယန်၊ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဟိုင်ကိုမာ့စ်၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရက်ဘ်တို့ဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ အွန်လိုင်းကနေတဆင့် အစည်းအဝေး ပြုလုပ်ပြီး နိုင်ငံတကာ အရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ အမေရိကန် အစိုးရသစ် လက်ထက်မှာ အဲဒီ လေးနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်းမှုလည်း ဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာတော့ မြန်မာနိုင်ငံက အာဏာသိမ်းမှုကို လေးနိုင်ငံစလုံးရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက တညီတညွတ်တည်း ရှုတ်ချကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားတာကို ချက်ချင်း ရပ်ဆိုင်းဖို့၊ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ တင်မြှောက်ထားတဲ့ အစိုးရဆီ အာဏာ ပြန်လည် အပ်နှင်းဖို့၊ အကြမ်းနည်း အသုံးပြုတာတွေကို ချုပ်ထိန်းဖို့၊ မမျှမတ ဖမ်းဆီးချုပ်နှောင် ခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေကို လေးစား လိုက်နာဖို့ စစ်ခေါင်းဆောင်တွေကို အဲဒီ ပူးတွဲ ထုတ်ပြန်ချက်မှာ ထည့်သွင်း တောင်းဆိုထားပါတယ်။ လေးနိုင်ငံ ကာကွယ်ရေး ဝန်ကြီးတွေဟာ အီရန်အရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို အဓိက ဆွေးနွေးခဲ့ပြီး အိုင်အက်စ် အကြမ်းဖက် အဖွဲ့ရဲ့ ခြိမ်းခြောက်မှု၊ Covid-19 ကပ်ရောဂါ ကိစ္စ၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ပြဿနာ အစရှိတဲ့ အကြောင်းအရာတွေကိုလည်း တိုင်ပင် နှီးနှောခဲ့ကြပါတယ်။ ဒါ့အပြင် ကမ္ဘာ့အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို ပိုမို အနီးကပ် ဆန်းစစ်ကြဖို့နဲ့ NATO မဟာမိတ် အဖွဲ့ဝင်တွေကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို အားကောင်းလာစေရေး အလေးထား လုပ်ဆောင်ကြဖို့လည်း သဘောတူညီခဲ့ကြောင်း သိရှိရပါတယ်။ Credit: