No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သံတွဲမြို့၏အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်အဖမ်းခံရသူများ ၅ရက်ကြာသည့်တိုင် မိသားစုနှင့်တွေ့ခွင့်မရသေး သံတွဲ- ၂၀၂၁ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခြင်းကြောင့် အဖမ်းခံခဲ့ရသူများသည် ၅ရက်ကြာသည့်တိုင် မိသားစုနှင့်တွေ့ခွင့်မရသေးကြောင်း ၎င်းတို့လွှတ်မြောက်ရေးအတွက် ကူညီပေးနေသူများနှင့်မိသားစုဝင်များက ပြောသည်။ သံတွဲမြို့တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသဖြင့် သပိတ်စစ်ကြောင်းတပ်ဦးမှ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး အဖမ်းခံခဲ့ရသည်။ ၎င်းတို့ကို သံတွဲမြို့မ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်သော်လည်း ရဲစခန်းတွင် ထိန်းသိမ်း ထားခြင်းမဟုတ်ဘဲ သံတွဲမြို့နှင့် လေးမိုင်အကွာ ငပလီမြို့ရှိ အမှတ် (၅၅) ခြေလျင်တပ်ရင်းနှင့် အမှတ် (၅၆၆) ခြေမြန်တပ်ရင်းတွင် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု သူတို့လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးသူများက ပြောသည်။ သံတွဲမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က " ရဲနဲ့က ညှိနှိုင်းတဲ့အဆင့်ကို မရောက်တာ၊ တပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ ပြောတယ်။ သူတို့အတွက် အစားအသောက်နဲ့ အဝတ်အထည်တွေကိုတော့ ရဲဘော်တစ်ယောက်ကနေတဆင့် ပို့ပေးလို့ရတယ်။ လူချင်းတွေ့ခွင့်မရဘူး။ တပ်ထဲမှာဆိုတော့ မိန်းကလေးအတွက် စိတ်ပူရတာမျိုးတော့ ရှိတယ်။ ဖမ်းတုန်းကလည်း ရဲမေက ဖမ်းတာမျိုး မဟုတ်ဘူး။ အမျိုးသားတွေကပဲ ဝင်ဖမ်းသွားတာ။ ဒါတွေက ဥပဒေနဲ့ အညီဘူးပေါ့" ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောသည်။ သံတွဲမြို့၏ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပထမဆုံး အဖမ်းခံခဲ့ရသည့် ဆန္ဒပြသူ အမျိုးသားတစ်ဦး လွတ်မြောက်ရေးအတွက် ဦးဝင်းနိုင်က ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းကာ အာမခံပေးပြီး လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ဖူးသည်။ အဖမ်းခံထားရသူများ၏ မိသားစုဝင်များက ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တွင် ရဲစခန်းသို့သွားရောက်စုံစမ်းရာ စစ်တပ်ထဲတွင် ထိန်းသိမ်းထားခြင်းဖြစ်ပြီး ရုံးထုတ်သည့်ရက်မှသာ တွေ့ဆုံရန် အကြောင်းပြန်ခဲ့သည်ဟု ရဲစခန်းသို့သွားရောက်ခဲ့သည့် မိသားစုဝင်တစ်ဦးက ဆိုသည်။ " တပ်ထဲသွားမေးတော့ ရဲစခန်းကထိန်းသိမ်းထားခိုင်းလို့ ထိန်းထားတာ၊ ကျန်တာတော့ သူတို့ မသိဘူးလို့ ပြောတယ်။ အဝတ်အစားနဲ့ စားစရာပေးချင်ရင် တပ်ဂိတ်မှာ ထားခဲ့ရတယ်။ လူချင်း မတွေ့ရဘူး" ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် အဖမ်းခံရသူများ၏ မိသားစုဝင်တစ်ဦးက ပြောပြသည်။ အဖမ်းခံထားရသူများကို သံတွဲမြို့နယ်တရားရုံးတွင် ရီမန်ယူထားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၉ တို့ဖြင့် အမူဖွင့်မည်ဟုကြားသိရကြောင်း ဖမ်းဆီးခံထားသူများ လွတ်မြောက်ရေးကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။ ယနေ့တွင် ၎င်းတို့၏ အလွတ်တန်းစုံစမ်းမှုများအရ အဖမ်းခံရသူများသည် မြို့ပေါ်ရှိ ရဲစခန်းသို့ ပြန်လည်ရောက်ရှိနေပြီဟုလည်း မိသားစုဝင်တစ်ချို့က ပြောသည်။ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သူများကလည်း လက်ရှိတွင် အဖမ်းခံရသူများ၏ မိသားစုဝင်များကို ကူညီထောက်ပံ့မူများ လုပ်ဆောင်ပေးနေပြီး အမှုလိုက်ရန် လိုအပ်သည့်ရှေ့နေများကိုလည်း အဆင်သင့် ချိတ်ဆက်ရှာဖွေထားသည်ဟု ကူညီပေးနေသူများက ပြောသည်။ ဓါတ်ပုံများ- မော်ကွန်း ပုံစာ- ဖမ်းဆီးခံထားရသည့် အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်သူများ(သပိတ်စစ်ကြောင်းထိပ်ဆုံးမှသူများ) နှင့် ဆန္ဒဖော်ထုတ်ကြစဉ် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များ။ Credit: