
"ရတနာပုံသဘော်ကျင်းအနီးကန့်ကွက်ဆန္ဒပြသူများကို ရဲနှင့်စစ်သားများကအင်အားသုံးဖြိုခွင်းရာ ကနဦးသတင်းများအရ အနည်းဆုံး ပြည်သူ ၁၀ ဦးကျော်ဒဏ်ရာရ" မန္တလေးမြို့ ကမ်းနားလမ်း ရတနာပုံ သဘော်ကျင်း အနီးတွင် ဆန္ဒပြနေသော ပြည်သူများကို ရဲတပ်ဖွဲ့နှင့် စစ်သားများက အင်အားသုံး ပစ်ခတ်ဖြိုခွင်းရာ ကနဦး ရရှိသောသတင်းများအရ အနည်းဆုံး ပြည်သူ ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့သည် ။ အနည်းဆုံးပြည်သူခြောက်ဦးအား ဆေးကုသရန်ကူညီပေးခဲ့ရကြောင်း လူမှုကူညီရေးအသင်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် လက်လှမ်းမမီသည့် ဒဏ်ရာရသူများလည်း ရှိနိုင်သည်ဟု ၄င်းက ဆက်ပြောသည်။ထို့အပြင် ဒဏ်ရာရရှိသူ ငါးဦးကို မြင်တွေ့ခဲ့ရပြီး တစ်ဦးမှာ မျက်လုံးတွင်ဒဏ်ရာရရှိခဲ့ကြောင်းလည်း အခင်းဖြစ်ရာနေရာရောက်ရှိနေသော 7 Day News သတင်းထောက်ကသတင်းပေးပို့သည် ။ ယနေ့ နေ့လယ်ပိုင်းမှစတင်ကာ ရတနာပုံသင်္ဘောကျင်းအနီးတွင် မန္တလေး-ဗန်မော် သဘော်ပြေးဆွဲရန် စေခိုင်းမှုကို CDMပြုလုပ်နေသော ဝန်ထမ်းများ မလိုက်နာဘဲ တားဆီးပြီး စတင်ထိပ်တိုက်တွေ့ခဲ့သည်။ သဘော်ထွက်ရန် စီစဥ်သောအခါ CDM လုပ်နေသောဝန်ထမ်းများက ကန့်ကွက်တားဆီးခဲ့သည်။ထိုနောက် သဘော်ကျင်းအနီးရှိပြည်သူများကပါ သဘော်မထွက်ရန် ကန့်ကွက်တားဆီးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ထိပ်တိုက်တွေ့ဆုံပြီး ရဲတပ်ဖွဲ့ နှင့်စစ်သားများက မျက်ရည်ယိုဗုန်း ၊ သေနတ် တို့ဖြင့် အချက်ပေါင်းများစွာ ပစ်ခက်ဖြိုခွင်းနေခြင်းဖြစ်သည်။ ရဲနှင့်စစ်သားများက သေနတ်နှင့်ပစ်ခတ်ဖြိုခွဲရာ ပြည်သူအချို့ကလည်း လေးခွဖြင့်ပြန်လည်ပစ်ခတ်ခြင်း ၊ ခဲဖြင့်ပေါက်ခြင်းအချို့ရှိလည်းဖြစ်သည်။ အင်အားသုံးဖြိုခွင်းရာနေရာသို့ အခြားရပ်ကွက်မှ ပြည်သူများပါလာရောက်ပူးပေါင်းပြီးလူအင်အားပိုများလာသည်။ ရဲနှင့် စစ်သားများက ဆန္ဒပြ ကန့်ကွက်နေသူများအကြိမ်ကြိမ် ပစ်ခတ်ဖြိုခွင်းရာ ယနေ့ညနေ ၄ နာရီဝန်းကျင် အချိန်တွင် လေးကြိမ်မြောက် ဖြိုခွင်းမှုများ သေနတ်ပစ်ခတ်မှု အများဆုံးနှင့်အပြင်းထန်းဆုံး ဖြစ်ကြောင်း အခင်းဖြစ်ရာနေရာသို့ ရောက်ရှိနေသော 7 Day News သတင်းထောက်များကပြောသည် ။ ယခုသတင်းရေးသားနေချိန်အထိ့လည်း နှစ်ဘက်ထိပ်တိုက်တွေ့ပြီး ရဲနှင့်စစ်သားများက ပစ်ခတ်ဖြိုခွင်းနေဆဲဖြစ်သည်။ ဒဏ်ရာရရှိသူများပြားသဖြင့် လူနာတင်ယာဥ်များ ဆက်တိုက် သွားရောက်ကူညီနေရပြီး အစီးရေ ၂၀ ဝန်းကျင်ရှိပြီဖြစ်ကာ ဒဏ်ရာရရှိသူအရေအတွက်ထပ်တိုးနိုင်ကြောင်း 7 Day News သတင်းထောက်များကသတင်းပေးပို့သည်။ Credit: