
အုပ်ချုပ်ရေးမှုးသစ်ကိုလက်မခံကြောင်း ရပ်ကွက်နေသူတွေဆန္ဒပြ ဖေဖော်ဝါရီ-၂၃၊ ၂၀၂၁ ပြည်သူလူထုသဘောဆန္ဒမပါဘဲ ခန့်အပ်လိုက်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးသစ်ကို အလိုမရှိကြောင်း ဘားအံမြို့ အမှတ် ၉ ရပ်ကွက်နေပြည်သူတွေက ဒီကနေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂၂ ရက်က စပြီး ဘားအံမြို့နယ်ထဲက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်တွေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ယာယီခန့်အပ်တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို ခန့်အပ်တာဝန်ပေးလိုက်တဲ့အပေါ် ဘားအံမြို့ အမှတ် ၉ ရပ်ကွက်နေ ပြည်သူတွေက မကျေနပ်တဲ့အတွက် ရပ်ကွက်ရုံးရှေ့မှာ အုပ်ချုပ်ရေးမှူးအသစ်ကို အလိုမရှိကြောင်း သံပုံးတီးပြီး ဆန္ဒဖော်ထုတ်ခဲ့တာပါ။ ပြည်သူလူထု ဆန္ဒသဘောထားမပါပဲ မြို့နယ်အုပ်ချုပ်ရေးမှူးက တိုက်ရိုက်ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို အလိုမရှိကြောင်းနဲ့ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးကိုသာ ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ Credit: