No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အမေရိကန် လွှတ်တော် စီးနင်းမှု နောက်ပိုင်း အမျိုးသမီး အမတ်နှစ်ဦး Covid-19 ရောဂါ ကူးစက်ခံရ အမေရိကန် လွှတ်တော်ထဲ လူစုလူဝေးနဲ့ ဝင်ရောက် စီးနင်းခဲ့တဲ့ ဖြစ်ရပ်အပြီး လွှတ်တော် အမတ်နှစ်ဦး ရောဂါ ကူးစက် ခံခဲ့ရကြောင်း သိရပါတယ်။ ဇန်နဝါရီ ၆ ရက်က လွှတ်တော်ထဲမှာ ရွေးကောက်ပွဲရလဒ် အတည်ပြုရေး အစည်းအဝေး ကျင်းပနေချိန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံတဲ့ အင်အားစုတွေက အတင်းအကျပ် နယ်ကျော် ဝင်ရောက်လာခဲ့ပါတယ်။ လွှတ်တော်ကို ဝင်ရောက်စီးနင်းတဲ့ လူရမ်းကား အများစုဟာ နှာခေါင်းစည်း Maskတွေလည်း တပ်ဆင်မထားကြပါဘူး။ ကျန်းမာရေး ပညာရှင်တွေက လွှတ်တော် အတွင်းအပြင်မှာ ထရမ့်ကို ထောက်ခံသူတွေ အုံနဲ့ကျင်းနဲ့ စုဝေးခဲ့တဲ့ အခြေအနေဟာ ကပ်ရောဂါ အလုံးအရင်း ပျံ့နှံ့ကူးစက်တဲ့ Super Spreader ဖြစ်စဉ်မျိုးကို အားပေးရာ ရောက်လာနိုင်ကြောင်း စိုးရိမ်တကြီး သတိပေးထားပါတယ်။ အခုတော့ အဲဒီနေ့က လွှတ်တော်ထဲမှာ ရှိနေတဲ့ အမျိုးသမီး အမတ်နှစ်ဦးရဲ့ ဆေးစစ်ရလဒ် အဖြေက Positive ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရက် ပါတီရဲ့ အောက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ ပရာမီလာ ဂျာယာပဲလ်နဲ့ ဘွန်နီ ဝတ်ဆန် ကိုးလ်မန်းတို့ နှစ်ဦးစလုံးဟာ တုပ်ကွေး မိသလို ရောဂါလက္ခဏာ အပျော့စားမျိုးတွေ ပြသလာလို့ ဆေးစစ်မှု ခံယူခဲ့ကြတာပါ။ Positive အဖြေ ထွက်ခဲ့တဲ့နောက် နှစ်ယောက်စလုံး သီးသန့်ခွဲခြား နေထိုင်ပြီး အိမ်ကနေပဲ အလုပ်လုပ်နေကြတယ်လို့လည်း သိရပါတယ်။ အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ အောက်လွှတ်တော်အမတ် ကိုးလ်မန်းဟာ Pfizerနဲ့ BioNTech ကုမ္ပဏီ နှစ်ခု ပူးပေါင်း ထုတ်လုပ်ထားတဲ့ Covid-19 ကာကွယ်ဆေး ပထမ တစ်လုံးကို ထိုးနှံမှု ခံယူထားပြီးပါပြီ။ ဒီဆေးဟာ ရောဂါ ကူးစက်မှုကို အပြည့်အဝ ကာကွယ်နိုင်တဲ့ ကိုယ်ခံအားမျိုး တည်ဆောက်ဖို့ သီတင်းသုံးပတ်ခြားပြီး နှစ်ကြိမ်ထိုးနှံဖို့ လိုအပ်ပါတယ်။ လွှတ်တော်ထဲ ရမ်းကားသူတွေ ဝင်ရောက်လာတဲ့အခါ အမတ်တွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပြီး ကျဉ်းမြောင်းတဲ့ နေရာတစ်ခုမှာ လူစုလူဝေးနဲ့ ကြာကြာ ထားရှိခဲ့ရကြောင်း၊ အဲဒီကနေ ရောဂါကူးစက်မှုတွေ ကြုံတွေ့ခဲ့တာ ဖြစ်နိုင်ကြောင်း လွှတ်တော်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဌာနမှာ အလုပ်လုပ်တဲ့ ဒေါက်တာ ဘရိုင်ယန် မိုနာဟန်က ပြောကြားခဲ့ပါတယ်။ ရောဂါ ကူးစက်ခံရကြောင်း အတည်ပြု ကြေညာခဲ့တဲ့ ဝါရှင်တန် အောက်လွှတ်တော်အမတ် ဂျာယာပဲလ်ကတော့ Covid-19ဆိုတာ ပေါ့ပျက်ပျက် သဘောထားရမယ့် ပြဿနာ တစ်ခု မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ လူကြားထဲ သွားလာနေတဲ့အချိန် နှာခေါင်းစည်း မတပ်သူတွေဟာ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်း ဆန်မှုကြောင့် လူအများရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်သလို ဖြစ်နေတာကို နားလည်သင့်ကြောင်း၊ ဒီအခြေအနေတွေအတွက် အပြည့်အဝ တာဝန်ယူသင့်ကြောင်း ဂျာယာပဲလ်က ဝေဖန်သွားပါတယ်။ ဓာတ်ပုံ-EPA Credit:7Day