No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တရုတ်ရဲ့ CoronaVac ကာကွယ်ဆေးက ထိရောက်မှု ၅၀ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဘရာဇီး ထုတ်ပြန် ဇန်နဝါရီ - ၁၃၊ ၂၀၂၁ တရုတ်နိုင်ငံထုတ် Covid-19 ကာကွယ်ဆေး CoronaVacရဲ့ ရောဂါ ကာကွယ်နိုင်စွမ်းဟာ ၅၀ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ဘရာဇီး ဆေးဝါး စိစစ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ တရုတ် ကုမ္ပဏီ SinoVac Biotechက တီထွင်ထားတဲ့ ကာကွယ်ဆေးရဲ့ ရောဂါ ကာကွယ်နိုင်စွမ်းဟာ ၅၀.၄ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ပြည်တွင်းမှာ စမ်းသပ်မှု ရလဒ်တွေအပေါ် အခြေခံပြီး ဘရာဇီး အစိုးရ အသိအမှတ်ပြု ဘူတန်တန် ဆေးဝါး စိစစ်ရေး ဌာနက ဇန်နဝါရီ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ မူလက ဘရာဇီးမှာ CoronaVac ဆေးဝါးကို စမ်းသပ်နေချိန် အတောအတွင်း ခန့်မှန်းထားတဲ့ ထိရောက် အောင်မြင်နိုင်ခြေထက် ၃၀ ရာခိုင်နှုန်းလောက် ပိုမို လျော့နည်းသွားတဲ့ သဘောပါ။ တရုတ်ရဲ့ ပြိုင်ဘက် အမေရိကန် ကုမ္ပဏီ နှစ်ခုက ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေကတော့ Covid-19 ရောဂါကို ကာကွယ်နိုင်စွမ်း ၉၅ ရာခိုင်နှုန်းလောက်ထိ မြင့်မားကြောင်း ကြေညာထားပါတယ်။ ဘူတန်တန် ဆေးဝါး စိစစ်ရေး ဌာနက CoronaVacရဲ့ ရောဂါ ကာကွယ်နိုင်စွမ်းဟာ ၇၈ ရာခိုင်နှုန်းလောက်ထိ အားကောင်းမယ်လို့ မျှော်လင့်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ မှတ်ချက် ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံး အပြီးသတ် စိစစ်မှုတွေ အပြီးမှာတော့ ဒီဆေးက ရောဂါမဖြစ်အောင် ကာကွယ်နိုင်ခြေ ၅၀.၄ ရာခိုင်နှုန်းလောက်သာ ရှိမယ်လို့ ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။ CoronaVacကို တရုတ်ပြင်ပမှာ တရားဝင် အသိအမှတ် ပြုထားတဲ့ တစ်ခုတည်းသော နိုင်ငံကတော့ အင်ဒိုနီးရှား ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာတော့ ဒီဆေးရဲ့ ထိရောက်နိုင်ခြေက ၆၅ ရာခိုင်နှုန်း ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တရုတ်ဟာ ပြည်တွင်းဖြစ် ကာကွယ်ဆေးကို နိုင်ငံတကာ စျေးကွက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ဖို့ မျှော်လင့်ထားပေမယ့် ဆေးအပေါ် ယုံကြည် စိတ်ချမှု တည်ဆောက်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ Credit: