
ရန်ကုန်က သတင်းသမား ၆ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ အမှုဖွင့်ထား ~~~~ ■ ရန်ကုန်က သတင်းသမား ( ၆ ) ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ( က ) နဲ့ စစ်ကောင်စီက အမှုဖွင့်ထားတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော် ရှေ့နေဒေါ်နီလာခိုင်က ပြောပါတယ်။ Myanmar Now က မကေဇွန်နွေး၊ ဆဲဗင်းဒေး သတင်းစာက ကိုအောင်ရဲ၊ AP သတင်း ဌာနက ကိုသိန်းဇော်၊ MPA က ကိုရဲမျိုးခန့်၊ ဇီးကွက် သတင်းဌာနက ကိုဟိန်းပြည့်ဇော်၊ အလွတ်သတင်းထောက် ကိုဗညားဦးတို့ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က သတင်း ရယူနေချိန် ဖမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့်ခံလိုက်ရတာဖြစ်ပါတယ်။ ဥပဒေ ပုဒ်မ ၅၀၅ ( က ) ရဲ့ သဘောသဘာဝအရ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးလို့ရပြီး အာမခံရမရကိုတော့ လာမယ့် ၁၂ ရက်နေ့ ရုံးချိန်းရောက်မှ သိရမယ်လို့ ရှေ့နေ ဒေါ်နီလာခိုင်က ပြောပါတယ်။ “ အဲဒါကရုံးတွေရဲ့သဘောမှာမူတည်တယ်။ အခုဟာက ရုံးမထုတ်သေးဘူး။ အခုမှ တရားစွဲတင်တယ်။ ဒီပုဒ်မတပ်တယ်ဆိုတာကို ကျွန်မတို့သိရတာ ၂ ရက်ပဲ ရှိသေးတယ်။ အခုလက်ရှိက ရုံးမထုတ်သေးဘူး။ ရမန် ၂ ပတ်ယူထားတယ်။ ၁၂ ရက်နေ့ ရုံးချိန်း။ အဲနေ့မှ ဆောင်ရွက်လို့ရမယ်။ လောလောဆယ် တွေ့ဆုံခွင့်နဲ့ ရှေ့နေကိုယ်စားလှယ် လွှဲစာယူဖို့အတွက်ကို ဒီနေ့လျှောက်ဖို့ဟာကို အခုထောင်ရှေ့မှာ ပစ်ခတ်နေတော့ ကျွန်မတို့ ဝင်လို့မရဘူးဖြစ်နေတာ။ အာမခံတွေ လျှောက်တယ်ဆိုတာက တရားရုံးကို ရုံးထုတ်တဲ့နေ့မှလျှောက်လို့ရမှာ။ အာမခံက မပေးဘူးလား ပေးမလားဆိုတာ တရားသူကြီးအပေါ်မှာပဲ မူတည်တယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်ပေါ့နော်။ တချို့တရားသူကြီးကလည်း ပေးလိုက်တယ်။ တချို့တရားသူကြီးကလည်း မပေးရဲဘူး။ ဒီလိုမျိုးရှိတယ်။" မြေနီကုန်းမှာ အဖမ်းခံရတဲ့ Myanmar Now က မကေဇွန်နွေးကို စမ်းချောင်းတရားရုံးမှာ ၅၀၅ ( က ) နဲ့ အမှုဖွင့်ထားရပြီး ဆဲဗင်းဒေး သတင်းစာက ကိုအောင်ရဲ၊ AP သတင်း ဌာနက ကိုသိန်းဇော်၊ MPA က ကိုရဲမျိုးခန့်၊ ဇီးကွက် သတင်းဌာနက ကိုဟိန်းပြည့်ဇော် တို့ကိုတော့ ကမာရွတ်ရဲစခန်းမှာ တရားစွဲထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့ထိ တစ်နိုင်ငံလုံးမှာ သတင်းရယူနေတဲ့ သတင်းထောက် ၃၁ ဦးဖမ်းဆီးခံခဲ့ရပါတယ်။ ပြန်လွှတ်ပေးသူတွေရှိသလို ပြန်လွှတ်ပေမယ့် တရားစွဲဆိုခံရတဲ့သတင်းထောက်တွေလည်းရှိပါတယ်။ မတ်လ ၃ ရက်နေ့ ဒီနေ့ ပြည်က ဒီဗွီဘီသတင်းထောက်က ကိုမင်းညိုဖမ်းဆီးခံရတယ်လို့ သတင်းထွက်နေပြီး RFA က သီးခြားအတည်ပြုချက် မရသေးပါဘူး။ အခုအချိန်ထိတော့ ပြန်မလွတ်သေးတဲ့ သတင်းသမား ၁၃ ဦး ကျန်နေပါတယ်။ သတင်းသမားတချို့ကိုတော့ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး တချို့ကတော့ ဘယ်နေရာမှာ ရှိနေမှန်း မသိရသေးပါဘူး။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ထောင်ဒဏ် ၃ နှစ်ကျခံရနိုင်ပါတယ်။ Credit: