
“မြောက်ဥက္ကလာပတွင် အကြမ်းဖက်ဖြိုခွင်းရာမှ အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦး သေနတ်ကျည်ထိမှန်၍ ကျဆုံး” ရန်ကုန် - မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်ဈေးအနီးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အသက် (၁၉)အရွယ် လူငယ်အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း အဆိုပါနေရာအနီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ပရဟိတအဖွဲ့များက ပြောသည်။ " သူက ရေသန့်ပို့တာ၊ ဆန္ဒပြတဲ့အထဲမှာ မပါဘူး၊ရေသန့်လာပို့ရင်း ပစ်ခတ်မှုတွေလုပ်တဲ့အချိန်မှာထိပြီး ဆုံးသွားတာပါ၊ ဒီနေ့ နေ့ခင်းပိုင်းမှာဖြစ်တာ" ဟု မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပရဟိတ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တစ်ခုမှအဖွဲ့ဝင်တစ်ဦးက ပြောသည်။ သေဆုံးသူသည် မြောက်ဥက္ကလာပမြို့နယ် ၂ရပ်ကွက်တွင်နေထိုင်သည့် ရေသန့်ပို့သူ ကိုထက်အောင်ဖြစ်ပြီး ကျည်အစစ်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကိုကြုံတွေ့ခဲ့သူများက ပြောသည်။ ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းစဉ် မျက်မြင်ကြုံတွေ့ခဲ့သည့် မြောက်ဥက္ကလာဒေသခံတစ်ဦး လူမှုကွန်ရက်တွင် လွှင့်တင်ထားသညိ့ ဗီဒီယိုဖိုင်တွင် ဒဏ်ရာရရှိခဲ့သူ ကိုထက်အောင်ကိုဆိုင်ကယ်ဖြင့်တင်ဆောင်ခေါ်ယူကာ ဆေးရုံသို့ အရေးပေါ်သွားရောက်ပို့ဆောင်နေသည့် ပုံရိပ်များကိုလည်းတွေ့ရသည်။ ဆန္ဒပြလူထုကို အင်အားသုံးပစ်ခတ်ဖြိုခွဲစဉ် မျက်ရည်ယိုဗုံး ၊အသံဗုံး၊မီးခိုးဗုံး၊ကျည်အစစ်တို့ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည့်အပြင် လူထုက လုံခြုံရေးအတွက် လမ်းပေါ်တွင် ပိတ်ဆို့ထားသည့် အတားအတီးများကို မီးရှို့ ဖျက်ဆီးခဲ့ခြင်း၊ ပရဟိတ အဖွဲ့ဝင်အချို့ကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုများကိုလည်းပြုလုပ်ခဲ့သည်ဟု ဆိုသည်။ မြောက်ဥက္ကလာဖြစ်စဉ်နှင့်ပတ်သက်၍လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် CCTVမှတ်တမ်းရုပ်သံဖိုင်တစ်ခုတွင် ဖမ်းဆီးခံထားရသည့် ကျန်းမာရေးစောင့် ရှောက်မှုပရဟိတအဖွဲ့ဝင် အချို့အား ရဲတပ်ဖွဲ့ဝင်များအပြားက ဝိုင်းဝန်းထိုးကြိတ်၊ရိုက်နှက်ကန်ကျောက်ခြင်း၊ သေနတ်ဒင်၊ ရဲများကိုင်ဆောင်သည့် တုတ်များဖြင့် ရိုက်နှက်နေသည့် ပုံရိပ်ကိုလည်းတွေ့ရသည်။ မြောက်ဥက္ကလာပတွင် ယနေ့ပစ်ခတ်ခံရသည့် ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူများအပြင် အခြားအမျိုးသားတစ်ဦးလည်း ထပ်မံသေဆုံးခဲ့ကြောင်း သိရပြီး ယင်းနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။ Credit: