
နေပြည်တော်မှာ ဂိတ်တွေ မဖြတ်ဘဲ ခိုးဝင်လာသူ ၈၀ ဦးခန့်ကိုတရားစွဲဖို့ ပြင်ဆင် ဇန်နဝါရီ ၁၄၊ ၂၀၂၁ အုပ်ချုပ်ရေးမြို့တော်နေပြည်တော်ကို သက်ဆိုင်ရာဂိတ်တွေက မဖြတ်သန်းဘဲ ခိုးဝငျလာာသူ ၈၀ ဦးခန့်ကို သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေအရ တရားစွဲဆိုဖို့ ပြင် ဆင်နေတယ်လို့သိရပါတယ်။ နေပြည်တော်ကိုလာရောက်သူတွေကို ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလဆန်း ကစပြီး ကိုဗစ်ရှိ၊ မရှိ စစ်ဆေးပြီး Quarantine ဆက်ဝင်ဖို့ ညွှန်ကြားချက် ထုတ်ပြန် ထားတာပါ။ နေပြည်တော်ကို ပုံမှန်အဝင်ဂိတ်တွေက မဟုတ်ဘဲ တရားမဝင်လမ်းကြောင်း တွေက ဝင်ရောက်လာသူဦးရေဟာ လစဉ် လေးငါးရာဝန်းကျင်ရှိနေခဲ့တယ်လို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။ အဲဒီလိုဝင်ရောက်လာသူတွေကို အရေးယူမှု ၂၀ ဝန်းကျင်သာရှိခဲ့တာပါ။ ဒါ့ပေမယ့် ဝင်ရောက်မှုတွေပိုမိုများလာလို့ ဒီလ ၈ ရက်ကစပြီး အဲဒီလိုဝင်ရောက်လာသူတွေကို သဘာဝဘေးဆိုင်ရာစီမံခန့် ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ အရေးယူဖို့ သက်ဆိိုင်ရာကဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီပုဒ်မနဲ့ တရားစွဲခံရရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်ပေမယ့် အာမခံပေးနိုင်တဲ့ အမှုဖြစ်ပါတယ်။ ဇန်နဝါရီလ ၉ ရက်ကနေ ၁၃ ရက်အထိ ၅ရက်အတွင်း နေပြည်တော် လယ်ဝေးမြို့နယ်ကို ပြင်ပက ဝင်ရောက်လာသူ ၈၁ ဦး ဖမ်းဆီးရမိပြီး ၇၆ ဦးကို တရားစွဲဆိုဖို့ပြင်ဆင် နေ တယ်လို့ လယ်ဝေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး အဆင့် ၁ ဦးကျော်မိုးက ပြောပါတယ်။ နေပြည်တော်မှာ ဇန်နဝါရီလ ၁၃ ရက်အထိ ပိုးတွေ့လူနာ ၁၁၅၈ ဦး၊ သေဆုံးသူ ၇ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ရသူ ၆၇၂ ဦးဖြစ်ပါတယ်။ ရုပ်သံသတင်းထောက် - ဝင်းကိုကိုလတ် Credit