No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရွှေပြည်သာရှိ 'စု' အသက်မွေးဝမ်းကျောင်းသိပ္ပံ အဆောက်အအုံကို ရဲနှင့်စစ်တပ်ဝင်စီး၊ ငွေကြေးနှင့်ပစ္စည်းများယူဆောင်သွားခဲ့ ရန်ကုန် - ၂၀၂၁ မတ် ၉ (မော်ကွန်း) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပညာရေးကွန်ရက်မှ ဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ 'စု' အသက်မွေး ဝမ်းကျောင်း သိပ္ပံ(ရွှေပြည်သာ) ကို ယနေ့ နံနက်အစောပိုင်းတွင် ရဲနှင့်စစ်သား များက ဝင်စီးခဲ့ပြီး ကျောင်းသားများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ယင်းကျောင်းမှ ဂျပန်ဘာသာစကား သင်ကြားပေးသူ ဆရာမတစ်ဦးက ပြောသည်။ စီးနင်းချိန်တွင် ရဲနှင့်စစ်သားများသည် သေနတ်များပစ်ဖောက်ကာဝင်ရောက်ခဲ့ပြီး ရုံးအတွင်းရှိ ငွေကြေးနှင့် ပစ္စည်းများကိုလည်း ယူဆောင်သွားသည်ဟု အထက်ပါ ဆရာမ က ပြောသည်။ " သူတို့က တံခါးဖွင့်ပေးဖို့ ပြောတဲ့အချိန် ကျွန်မတို့က အားလုံးလူငယ်တွေချည်းဆိုတော့ တံခါးကို ဖွင့်မပေးဘူး။ သူတို့ဘာသာ ခြံတံခါးကို ကျော်ပြီး ဝင်လာတယ်။ အထဲရောက်တော့ ကျောင်းသူတွေနေတဲ့ အဆောင်ပေါ်ကို တက်လာတယ်။ ပြီးတော့ အောက်ကို အေးအေးစေးစေးဆင်းလာခဲ့ဖို့ ပြောတယ်။ အောက်ကို ရောက်တော့ ကျောင်းသားတွေနဲ့ ကျောင်းသူတွေကို လက်တွေခေါင်းပေါ်တင်ပြီး ဒူးထောက်ထိုင်ခိုင်ထားတယ်" ဟု သူက ပြောသည်။ ရဲနှင့်စစ်သားများသည် ကျောင်းတာဝန်ခံဖြစ်သူ ဦးဇော်မြတ်လင်းကို မေးမြန်းခဲ့ပြီး မွှေနှောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ယင်းနောက် ကျောင်းတွင်နေထိုင်သူ သုံးဦးနှင့် ဂျပန်ဘာသာစကား သင်ယူနေသူ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အထက်ပါ ဆရာမ က ရှင်းပြသည်။ " ကျွန်မတို့ နေတဲ့အခန်းတွေကို အားလုံးမွှေနှောက်ရှာသွားတယ်။ ကျွန်မတို့‌ ကျောင်းသူအားလုံးရဲ့ ပိုက်ဆံသုံး‌သိန်းကျော် ပါသွားတယ်" ဟု သူက ပြောသည်။ ရဲနှင့်စစ်သားများသည် ကျောင်းရှိ လိုက်ထရပ်ကားတစ်စီး၊ ဆိုင်ကယ်ငါးစီး၊ ကွန်ပျူတာအလုံး၂၀ ကျော်၊ လက်ကိုင်ဖုန်း ၁၈ လုံး၊ နာရီများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ကျောင်းသားများက ပြောပြသည်။ လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ၁၅ ဦးခန့် က ကျောင်းဝင်းအတွင်း ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း ကျောင်းသားများက ပြောသည်။ အဆိုပါကျောင်းသည် ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက်တွင် ရှိပြီး ပညာဒါနအဖြစ် နိုင်ငံခြားဘာသာစကားများသင်တန်း၊ ကွန်ပျူတာသင်တန်း၊ စက်ချုပ်နှင့် အခြားအသက်မွေးကျောင်းပညာရပ်များကို သင်ပေးလျက်ရှိသည့် ကျောင်းတစ်ခုဖြစ်သည်။ Credit: