
အစ္စရေးလော်ဘီအဖွဲ့ကို ဒေါ်လာ ၂ သန်းနဲ့ ငှားထားကြောင်း စစ်ကောင်စီဝန်ခံ ~~~~~~ ■ အစ္စရေး လောဘီအဖွဲ့တစ်ခုကို ဒေါ်လာ ၂ သန်းနဲ့ ငှားထားတာ မှန်ကန်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မတ်လ ၁၁ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ ယူဆချက်တွေ၊ အတွေးအခေါ်တွေဟာ မှန်ကန်မှုမရှိဘူးလို့ ယူဆတာကြောင့် မြန်မာနိုင်ငံရဲ့ အကြောင်းအရာတွေကို လော်ဘီလုပ်ပေးနိုင်ဖို့ ဒီအဖွဲ့ကို ငှားရမ်းခဲ့တာလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒေါ်လာ ၂ သန်း အကုန်ကျခံငှားတာလည်း သုံးစွဲခွင့်ရှိတဲ့ ငွေကြေးထဲက သုံးစွဲတာဖြစ်တယ်လို့ လည်း ပြောပါတယ်။ ကနေဒါအခြေစိုက် အစ္စရေးလော်ဘီအဖွဲ့ဖြစ်တဲ့ Dickens and Madson ကုမ္ပဏီကို အာဏာသိမ်းစစ်ကောင်စီက ငှားရမ်းထားကြောင်း အမေရိကန်တရားရေးဌာနမှာလည်း ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ တရုတ်နဲ့ ဆက်ဆံရေးကိုလျော့ပြီး အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးရှိချင်နေတာလို့ အစ္စရေးလော်ဘီအဖွဲ့ ခေါင်းဆောင် Ari-Ben-Mehashe က နိုင်ငံတကာမီဒီယာတွေမှာပြောထားပါတယ်။ အစ္စရေးလော်ဘီအဖွဲ့ ခေါင်းဆောင်ပြောထားတဲ့ တရုတ်နဲ့ ဆက်ဆံရေးကိုလျှော့ချင်နေတယ်ဆိုတဲ့ ပြောဆိုချက်ဟာ စစ်တပ်ရဲ့ သဘောထားမဟုတ်ဘဲ ကုမ္ပဏီရဲ့ သဘောထားသာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ ----------- Credit: