အင်ဒိုနီးရှားနိုင်ငံသား ၆၂ ဦးလိုက်ပါသော Boeing 737-524 လေယာဉ်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီးနောက် အင်ဒိုနီးရှားအာဏာပိုင်များသည် ယနေ့ (ဇန်နဝါရီ ၉ ရက်) ညက ဂျကာတာကမ်းလွန်ကို ပိုက်စိပ်တိုက် ရှာဖွေနေကြသည်။ Sriwijaya Air လေကြောင်း၏ယင်းလေယာဉ်သည် ဒေသစံတော်ချိန် ညနေ ၂:၃၆ နာရီက အနောက်ကာလီမန်တန်ရှိ Pontianak မြို့သို့ ဦးတည်ပျံတက်ခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ယင်းခရီးစဉ်သည် မိနစ် ၉၀ ခန့်ကြာမြင့်တတ်သည်။ သို့သော်လည်း ယင်းလေယာဉ်သည် ဆိုကာနို-ဟက်တာလေဆိပ်မှ ပျံတက်ပြီးနောက် လေးမိနစ်အကြာတွင် အောက်သို့စိုက်ဆင်းသွားခဲ့ကြောင်း ပျံသန်းမှုခြေရာခံအချက်အလက်များက ဖော်ပြခဲ့သည်။ ယင်းလေယာဉ်တွင် ခရီးသည် ၅၀ နှင့် လေယာဉ်အမှုထမ်း ၁၂ ဦးလိုက်ပါခဲ့ကြောင်း Sriwijaya Air လေကြောင်းက ပြောကြားခဲ့သည်။ အမျိုးသားရှာဖွေကယ်ဆယ်ရေးအေဂျင်စီ Basarnas မှ ရေယာဉ်များကို တပ်ဖြန့်ပြီး ရှာဖွေရေးလုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်ရန် သမ္မတ ဂျိုကိုဝီဒိုဒိုက ညွှန်ကြားထားကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး ဘူဒီကာယာဆူမာဒီက ပြောကြားခဲ့သည်။ လေယာဉ်သည် ပေ ၂၉၀၀၀ အထိ ပျံတက်ရန်ကြိုးပမ်းခဲ့ကြောင်း၊ သို့သော်လည်း ညနေ ၂:၄၀ နာရီတွင် လေယာဉ်သည် လေကြောင်းထိန်းသိမ်ရေးအဖွဲ့၏ညွှန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်ခဲ့ပြီး အနောက်မြောက်သို့ ပျံသန်းခဲ့သဖြင့် လေယာဉ်မှူးကို အစီရင်ခံရန် ရေဒီယိုမှ ပြောကြားခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ ထို့နောက် လေယာဉ်သည် ရေဒါမှပျောက်သွားခဲ့ကြောင်း ဘူဒီက ဆိုခဲ့သည်။ လာကီနှင့် လန်ကန်ကျွန်းများကြားတွင် လေယာဉ်သည် ပျက်ကျခဲ့ဖွယ်ရှိကြောင်း Basarnas ၏ လည်ပတ်လုပ်ဆောင်ရေး ဥက္ကဋ္ဌ ဘန်ဘန်ဆူရ်ယိုအာဂျီက ပြောကြားခဲ့သည်။ Credit to Eleven Media Group