ရဲနှင့်စစ်သားများပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူ ချောက်မြို့သားတစ်ဦး၏ ဈာပနကို မြို့ခံလူထုထောင်နဲ့ချီ လိုက်ပါပို့ဆောင် ချောက် ၂၀၂၁ မတ် ၁၄ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု အတွင်း ပထမဆုံးကျဆုံးခဲ့သူ မကွေးတိုင်းဒေသကြီး၊ ချောက် (ရေနံမြေ) မြို့က ဦးဝင်းဖြိုးအောင်(ခ) ကြောင်လေးကို မြေနီကုန်း သုသာန်တွင် ယနေ့ညနေ ၄ နာရီ ခန့်၌ ဈာပနအခမ်းအနားပြုလုပ်ကာ မြေမြှပ်သင်္ဂြိုဟ်ခဲ့သည်။ အာဏာရှင်ကို ဆန့်ကျင်သော အမှတ်အသားဖြစ်သည့် ညာဘက် လက်သုံးချောင်းထောင်ကာ ထောင်နဲ့ချီသော ပြည်သူများက သူ့၏ ဈာပန ကို လိုက်ပါ ပို့ဆောင်ကြသည်။ မတ် ၁၃ ရက် နေ့လည် ၁ နာရီခန့်က ချောက်မြို့ အမှတ် ၁၅၊ ရတနာအိုင့်ရပ်တွင် စစ်သားနှင့်ရဲများ၏ ပစ်ခတ်ဖြိုခွဲမှုတွင် သူကျဆုံးခဲ့ခြင်းသည်။ မတ်လ ၁၃ ရက်က မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့အပါအဝင် စစ်သားများက ချောက်မြို့၏ အဓိကလမ်းမများနှင့် ရပ်ကွက်လမ်းများအတွင်း ဝင်ရောက်ကာ မျက်ရည်ယို ဗုံးများ၊ ရာဘာကျည်များ၊ ကျည်အစစ်များဖြင့် ပစ်ခတ်သောကြောင့် ၂၃ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ ကျဆုံးခဲ့သူထံတွင် ဇနီးနှင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး ရှိကြောင်း ဒေသခံများက ပြောသည်။ Credit:
