No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အင်တာနက် မရ၍ သမ္မတ ဦး၀င်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အမှု မစစ်ဆေးဖြစ်၊မတ် ၂၄ ရက် ရုံးချိန်း ပြန်ချိန်း DVB စစ်အာဏာသိမ်းအစိုးရက နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုထားတဲ့ အမှု တတိယရုံးချိန်းမှာ အင်တာနက်လိုင်း မရတာကြောင့် မစစ်ဆေးဖြစ်ဘူးလို့ လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ “ဒီကနေ့ကတော့ ရုံးက Video Comferencing မလုပ်ဖြစ်ပါဘူးဗျ။ ခင်ဗျားတို့ သိတဲ့အတိုင်း အင်တာနက် မရဘူး။ မရတဲ့အတွက်ကြောင့် Video Comferencing မလုပ်ဖြစ်ဘူး ” လို့ ဦးခင်မောင်ဇော်က ဆိုပါတယ်။ ဒါအပြင် အခုအချိန်ထိ ရှေ့နေ အဖြစ်လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေပါဝါ မရသေးတဲ့အပေါ်မှာလည်း သူက အခုလို ပြောပါတယ်။ “မှတ်ချက်ပေးမယ်ဆိုရင် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုပြီး ကျနော်တို့ နိုင်ငံကလည်း ၁၉၄၈ ခုနှစ်ကတည်းက လက်မှတ်ထိုးထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းမှာ အတိအလင်းပြောထားတဲ့ လူတစ်ယောက် စွပ်စွဲခံရရင် သူဟာ သူ့ရဲ့ ဥပဒေပါ အခွင့်အရေးတွေရဖို့ အခွင့်အရေးရှိကို ရှိတယ်ဆိုတဲ့ အဲဒီအခွင့်အရေးတွေအပေါ်မှာ တရားမျှတမှုဆိုင်ရာ အခွင့်အရေး တွေ အရုပ်သိမ်းခံနေရတယ်လို့ ပြောချင်တယ် ” ဒီနေ့မှာတော့ ရှေ့နေပါဝါရဖို့ NLD ပါတီ CEC က ထောက်ခံပြီး တာ၀န်ပေးထားတဲ့ ဦးခင်မောင်ဇော်နဲ့ ဦးကြည်၀င်းတို့ကို ရှေ့နေကိုယ်စားလှယ်ပါဝါရဖို့ ရဲတပ်ဖွဲ့ဘက်က ဆောင်ရွက် မပေးသေးဘဲ လူငယ် ရှေ့နေ ၂ ဦးဖြစ်တဲ့ ဦးယုယချစ်နဲ့ ဒေါ်မင်းမင်းစိုး နှစ်ဦးကိုပဲ ရှေ့နေပါဝါရဖို့ ဆောင်ရွက်ပေးမယ်လို့ ရဲတပ်ဖွဲ့က ပြောတယ်လို့လည်း သိရပါတယ်။ နောက်ရုံးချိန်းကို မတ်လ ၂၄ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပုဒ်မ ၅၀၅(ခ) အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၂၅ တို့နဲ့ စွဲဆိုထားပြီး နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ၂၅ အပြင် ပုဒ်မ ၅၀၅(ခ)တို့နဲ့ စွဲဆို ထားသလို နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်ကိုလည်း ပုဒ်မ ၅၀၅(ခ)နဲ့ စွဲဆိုထား တာ ဖြစ်ပါတယ်။ Credit: