
ရတနာလမ်းသပိတ်ခံတပ်အား ရဲနှင့်စစ်သားများ ဖယ်ရှား၊ ဆန္ဒထုတ်ဖော်မှုများ ပြန်လည်မစတင်နိုင်သေး ရန်ကုန်- ၂၀၂၁ မတ် ၁၉ (မော်ကွန်း) ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းမပေါ်ရှိ ဆန္ဒထုတ်ဖော်သူများ၏ သပိတ်ခံတပ်ကို ရဲနဲ့စစ်သားများက မနေ့က မနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ဖျက်ဆီးခဲ့ပြီးနောက် ယနေ့တွင် ဆန္ဒထုတ်ဖော်မှုများ မမြင်ရတော့ပါ။ မနေ့ကမနက်ပိုင်း ရတနာလမ်းနှင့် သုဒဿနလမ်းများပေါ် သွားလာနေသော ပြည်သူများကို ဖမ်းဆီးကာ သဲအိတ်ထမ်းခိုင်းခြင်း၊ အတားအဆီးများအား ဖျက်ခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေသူများက ပြောသည်။ ယင်းနောက် ရဲနှင့်စစ်သားများက ရပ်ကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ယင်းသပိတ်စခန်း အတားအဆီးများကို နောက်ရက်များတွင် မတွေ့ချင်ကြောင်း အော်ဟစ်ပြောဆိုကာ နေအိမ်တံခါးများကို ထုနှက်အကြမ်းဖက်သွားသည်ဟု ရပ်ကွက်နေသူများက ပြောသည်။ အဆိုပါနေ့ မတိုင်ခင်ကလည်း ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် ရတနာလမ်းမပေါ်နှင့် ပြည်သာယာလမ်းမပေါ်သို့ ရဲနှင့်စစ်သားများ ရောက်ရှိလာပြီး သေနတ်အချက်တစ်ရာခန့် ဆက်တိုက်ပစ်ခတ်ခဲ့သည့်အတွက် ရပ်ကွက်အတွင်းသို့ ကျည်ဆန်များ လာရောက်ထိမှန်ခဲ့သေးသည်။ ရပ်ကွက်လုံခြုံရေးကင်းစောင့်ပေးသည့် ညကင်းသမားများ၏အဆိုအရ လက်နက်ကိုင်ဆောင်ထားသော ရဲနှင့်စစ်သားများသည် ညဘက်အချိန်တွင် လူနာတင်ယာဉ်များကို အသုံးပြုကာ လမ်းမများပေါ်တွင် လှည့်လည်နေကြသည်ကို တွေ့ရှိရကြောင်း ပြောပြသည်။ ပုံစာ- ရတနာလမ်းမပေါ်က အာဏာရှင်ဆန့်ကျင်ရေး သပိတ်စခန်းကို ဖယ်ရှားမခံရခင်က တွေ့ရစဥ်။ Credit: