
တာမွေရှိသပိတ်စခန်းခံတပ်များကို ရဲနဲ့စစ်သား အင်အားအလုံးအရင်းဖြင့်ဖယ်ရှားနေ ရန်ကုန် ၂၀၂၁ မတ် ၁၉ (မော်ကွန်း) ရန်ကုန်မြို့၊ တာမွေမြို့နယ်အတွင်း ကျိုက္ကဆံလမ်းမပေါ်မှာရှိတဲ့ စစ်ကားတွေမဝင်နိုင်အောင် ဆန္ဒထုတ်ဖော်သူတွေဖန်တီးထားတဲ့ သဲအိတ်၊အမှိုက်ပုံး စတဲ့ အတားအဆီးတွေကို ဒီနေ့မှာ ရဲနဲ့စစ်သားတွေက မီးရှို့ပြီး လိုက်လံဖျက်ဆီးရှင်းလင်းနေပါတယ်။ " ရဲနဲ့စစ်သားတွေ ရပ်ကွက်တွေအထဲမှာရှိတယ်။ ပစ်ခတ်ပြီး ဖမ်းဆီးနေတယ်။ အတားအဆီးတွေလည်း ဖျက်ဆီးလိုက်ပြီ" လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။ ရဲနဲ့စစ်သားတွေပစ်ခတ်လို့ ကျဆုံးခဲ့တဲ့ ဆေးကျောင်းသား ကိုခန့်ငြားဟိန်းအတွက် ကျိုက္ကဆံလမ်းပေါ်က ဂါရဝပြုဆုတောင်းတဲ့နေရာကိုလည်း သူတို့က ဖျက်ဆီးသွားတယ်လို့ သူကပြောပါတယ်။ ကျောက်မြောင်းမှာ နေထိုင်သူတစ်ဦးကတော့ နေအိမ်ထဲက အပြင်မထွက်ဖို့ ရဲနဲ့ စစ်သားတွေက လိုက်လံ အော်ဟစ်ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ ဒီနေ့ တာမွေမြို့နယ်အတွင်းက သပိတ်စခန်းတွေကို ဖျက်ဆီးဖို့ ရောက်လာတဲ့ ရဲနဲ့စစ်သားအင်အားဟာ အနည်းဆုံး ၂၀၀ ဝန်းကျင်အထိ ရှိတယ်လိုလဲ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့တုန်းကလည်း တာမွေ၊ကျောက်မြောင်းရပ်ကွက်တွေအတွင်းအထိ ရဲနဲ့စစ်သားတွေက ဝင်ရောက်ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်ခဲ့တာကြောင့် နေအိမ်အတွင်းနေထိုင်သူတွေဒဏ်ရာရရှိကာ အနည်းဆုံး ၁၅ ဦး အဖမ်းခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ပုံစာ- တာမွေမြို့နယ်အတွင်းက ခံတပ်တစ်ခု။ Credit: