
မန္တလေးမှာ မတ်လ ၂၁ ရက် တစ်ညတည်းမှာတင် လူ ၇ ဦးထက်မနည်း ကျည်မှန်သေဆုံး မန္တလေးမြို့မှာ မနေ့ မတ်လ ၂၁ ရက်ညပိုင်း စစ်တပ်နဲ့ရဲဘက်က အကြမ်းဖက်ပစ်ခတ်လို့ အနည်းဆုံးလူ ၇ ဦး သေဆုံးခဲ့ပါတယ်။ ၁၂၀ လမ်း၊ ၅၀နှင့် ၅၁ လမ်းကြား၊ မင်းကြီးရန်နောင်လမ်းက အမှတ် ၁၀ မူလတန်းလွန်ကျောင်းမှာ လက်နက်ကိုင်တွေ တပ်စွဲပြီး ညပိုင်းမှာ နီးစပ်ရာ ရပ်ကွက်အတွင်းကို ပစ်ခတ်လို့ လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ "သမန်ကုန်းထဲကပေါ့။ ဘယ်ဘက်နံကနေ ညာဘက်နံ ပေါက်ထွက်သွားတာ တစ်ယောက်။ ဘယ်ဘက်မျက်လုံးကနေ နောက် ဦးခေါင်းထိ ပွင့်ထွက်သွားတာ တယောက်။ နောက်တယောက်က အိမ်ထဲမှာ နေတဲ့တယောက်။ အပေါက်ဝ ကနေ လှမ်းပစ်လိုက်တာ။ နောက်တယောက်က သွားလာရင်း လှမ်းပစ်လို့ ကျည်ထိတာ။ မနက်မှာ ဒူးပွင့်တဲ့သူ တယောက်။ အဲ့လူက မသေဘူး။ အလောင်း အားလုံးရပါတယ်။ အခုပဲ သဂြိုဟ်ပြီးပါပြီ"လို့ လူမှုကယ်ဆယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။ သေဆုံးသူတွေက ကိုမင်းသူအောင် အသက် ၃၉ နှစ်၊ ကိုဖိုးငယ် အသက် ၃၀၊ ကိုလှိုင်မျိုးထက် အသက် ၄၀၊ ဦးဘေဘီစိုးမြင့် (အသက်မသိရသေး) ဖြစ်ပါတယ်။ "လောလောဆယ် သံသယ ရှင်းတာက လုံးဝရာဘာကျည်မဟုတ်ဘူး။ ကျည်အစစ်တွေနဲ့ ပစ်တာ။ ၄ ဦးလုံး ကုသချိန်ကို မရှိတာ။ ကိုက် ၂၀ လောက်ပဲဝေးတာ။ ချက်ချင်းဆွဲတာကိုး လက်ပေါ်ရောက်တော့ သွေးခုန်နူန်းမရှိတော့ဘူး"လို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှာ တာဝန်ကျသူတဦးက ပြောပါတယ်။ မတ်လ ၂၁ ရက် နေ့ခင်းပိုင်းကတည်းက အောင်ပင်လယ်ဘက်မှာ ပစ်ခတ်ပြီး အဲ့ဒီနေရာ အနီးဝန်းကျင်မှာ ညပိုင်း ၁၁ နာရီလောက်ကနေစပြီး ပစ်ခတ်တာတွေ ဖြစ်ခဲ့တာပါ။ သေနတ်တွေ တရစပ်ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေကလည်း အတည်ပြု ပြောပါတယ်။ မန္တလေးမှာ မနေ့ညကထပ်မံသေဆုံးသူ နောက်ထပ် ၃ဦးက ပြည်ကြီးပျော်ဘွယ်ရပ်ကွက်ကဖြစ်ပါတယ်။ ၃၅ လမ်းကနေ ၃၁လမ်း၊ ၈၆လမ်းနဲ့ ၈၇ လမ်းအနီး ဦးခေါင်းကျည်မှန်သူ၊ ခြေထောက်ကျည်မှန်လို့ သွေးလွန်သူ၊ လည်ပင်းကျည်ထိမှန်သူတွေ သေဆုံးခဲ့တာပါ။ သေဆုံးသူတွေက အသက် ၁၅ နှစ်အရွယ် ကိုဇော်မျိုးထက်၊ အသက် ၄၃ နှစ်အရွယ် ဦးဖြိုးမောက်မောင်၊ အသက် ၄၄ နှစ်အရွယ် ဦးဇော်မျိုးဦးတို့ဖြစ်ပါတယ်။ မနေ့ည မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ကျည်မှန် ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။ လက်ရှိမှာ မနေ့ည အောင်ပင်လယ်ဘက်က အသက် ၂၆ နှစ်အရွယ် ကိုဖြိုးဝေထွန်းလဲ ရင်ဘတ်ကျည်ထိ ဒဏ်ရာနဲ့ သေဆုံးသွားပြီလို့ သိရပါတယ်။ ဒီနေ့ မတ်လ ၂၂ ရက်မနက်မှာလည်း ပစ်ခတ်တာတွေရှိနေပြီး ပေါင်ဒဏ်ရာရသူ ၂ ဦးရှိတယ်လို့ သိရပါတယ်။ Credit: