No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကမ္ဘောဇတိုင်း သတင်းဌာန သတင်းသမား ၂ ဦးအပါအဝင် ၄ ဦး ဖမ်းဆီးခံရ ~~~~~~ ■ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အခြေစိုက် ဒေသခံ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ ကမ္ဘောဇတိုင်းသတင်းဌာနက သတင်းသမားနဲ့ ထုတ်ဝေသူအပါအဝင် လေးဦးကို စစ်တပ်နဲ့ ရဲတွေက မနေ့က ညပိုင်းမှာ ဖမ်းဆီးသွားပါတယ်။ သတင်းဌာန တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နဲ့ ရုံးစောင့် ကိုစိုင်းစည်သူတို့ ဖမ်းခံရတာဖြစ်ပါတယ်။ တောင်ကြီးမြို့နဲ့ ၁၂ မိုင်လောက်ဝေးတဲ့ ဟိုပုံးမြို့ ရုံးခွဲနေအိမ်မှာ ဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံရတဲ့သူတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ သတင်းဌာန အယ်ဒီတာချုပ်ကိုဇေတိုင်းက RFA ကိုပြောပါတယ်။ "လာဖမ်းတုန်းကတော့ ခဏဆိုပြီးခေါ်သွားတာ၊ ကျနော်တို့ဘာမှ အခုထိတော့ အဆက်အသွယ်မရသေးဘူး၊ ဒါပေမဲ့ ကျနော်တို့ရဲ့ သတင်းရင်းမြစ်တွေကို လိုက်စုံစမ်းသိရသလောက် တောင်လေးလုံး အကျဉ်းထောင်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရတယ်" လို့ အယ်ဒီတာချုပ် ကိုဇေတိုင်းက ပြောပါတယ်။ လာရောက်ဖမ်းဆီးချိန်မှာ အယ်ဒီတာချုပ်ကိုဇေတိုင်းဟာ နေအိမ်မှာမရှိတာကြောင့် ဖမ်းဆီးခံရခြင်းမရှိပါဘူး။ ကမ္ဘောဇတိုင်းသတင်းဌာနဟာ ရှမ်းပြည်နယ်က သတင်းတွေကို အဓိကတင်ဆက်နေတဲ့ သတင်းဌာနဖြစ်ပါတယ်။ တောင်ကြီးအပါအဝင် ရှမ်းပြည်နယ်က မြို့နယ်တော်တော်များများမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ဖြစ်ရပ်တွေကို ကမ္ဘောဇတိုင်းသတင်းဌာနက တိုက်ရိုက်သတင်းထုတ်လွှင့်မှုတွေ၊ မှတ်တမ်းဗီဒီယိုတွေ တင်ဆက်ခဲ့တာပါ။ အခုလက်ရှိ သတင်းသမားတွေ ဖမ်းဆီးခံရ၊ ထွက်ပြေးတိမ်းရှောင်နေရပေမယ့် သတင်းသမားတစ်ဦးပဲ ကျန်ရင်တောင် ကမ္ဘောဇတိုင်းသတင်းဌာနကို ဆက်လက်လည်ပတ်သွားမှာဖြစ်တယ်လို့ အယ်ဒီတာချုပ်ကိုဇေတိုင်းကပြောပါတယ်။ Credit: