
တန့်ဆည်မှာ စစ်ကောင်စီကားတွေ တိုက်ခိုက်ခံရလို့ဒေသခံတွေပြော စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားတွေ ဒီနေ့ စက်တင်ဘာလ ၃ ရက် မနက်အစောပိုင်းအချိန်မှာ မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ''ဒီနေ့မနက် ၃ နာရီ ၄၅ မိနစ်လောက်မှာ ကံထူးမ(ဒေသအခေါ် ကဒူးမ)ဘက်ကနေ တက်လာတဲ့ သူတို့ကားတွေ တန့်ဆည်လမ်းဆုံမှာ တိုက်ခိုက်ခံရတာဗျ။ ပထမကတော့ ပေါက်ကွဲသံ တစ်ချက်ပဲ။ နောက် ၁၅ မိနစ်လောက်ကြာတော့မှာ တအုန်းအုန်းနဲ့ အသံ ၄၊ ၅ ချက်လောက်ကြားခဲ့ရတယ်။ မနက်ခင်း လူခြေတိတ်ချိန်ဆိုတော့ တစ်မြို့လုံး နိုးပေါ့ဗျာ" လို့ တန့်ဆည်မြို့ခံတစ်ဦးကပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ ကားလေးစီးထဲက တစ်စီးမိုင်းထိသွားခဲ့တယ်လို့ မြို့ခံတွေကြား ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုနေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ပေါက်ကွဲမှုအပြီး ပစ်ခတ်မှုတချို့လည်းရှိခဲ့လို့ လမ်းဆုံမှာရှိတဲ့ နေအိမ် ၂ လုံး ထက်မနည်း ပျက်စီးတယ်သွားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုတွေအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တန့်ဆည်ရဲစခန်းထဲကို ဝင်ရောက်သွားတယ်လို့ သိရသလို ထိခိုက်ဒဏ်ရာရသွားသူ ရှိမရှိဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ မြို့တွင်းလမ်းတွေမှာ လုံခြုံရေးတင်းကျပ်စစ်ဆေးတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။ တန့်ဆည်မြို့တွင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်တွေဝတ်ပြီးလှည့်တာ၊ ဝတ်စုံပြည့်ဝတ်၊ ဆိုင်ကယ်နဲ့ပတ်တာအပြင် စစ်ကားတွေနဲ့လည်း သွားလာ လှုပ်ရှားမှု မပြတ်ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-58396049 Credit: