
အလောင်းလုခံရမည်စိုးသဖြင့် အသက် ၁၄ နှစ်အရွယ် မောင်ထွန်းထွန်းအောင်ရဲ့ရုပ်အလောင်းကို မိသားစု ယနေ့သင်္ဂြိုဟ် မန္တလေး - ၂၀၂၁ မတ် ၂၃ (မော်ကွန်း) အိမ်ရှေ့မှာရှိနေစဥ် ရဲနဲ့စစ်သားတွေ ပစ်ခတ်လို့ သေနတ်ကျည်ဆံမှန်ပြီး မနေ့က ကျဆုံးခဲ့တဲ့ အသက် ၁၄နှစ်အရွယ် မောင်ထွန်းထွန်းအောင်ရဲ့ ရုပ်အလောင်းကို လုယူခံရမှာစိုးရိမ်တဲ့အတွက် ဒီနေ့မနက်မှာပဲ မိသားစုက မန္တလေးမြို့၊ တောင်အင်းမြောက်အင်းသုသာန်မှာ သင်္ဂြိုဟ်လိုက်ပါတယ်။ " အိမ်နားပါတ်ဝန်းကျင်မှာ မနက် ၁၀ နာရီလောက်က ကားတွေအများကြီးနဲ့လာဝိုင်းတယ်။ အလောင်းလာယူမှာစိုးလို့ အနီးနားမှာရှိတဲ့ နာရေးကူညီမှု ကားတစ်စီးနဲ့၊ မိသာစုဝင်အနည်းငယ်ပါတဲ့နောက်ထပ်ကားတစ်စီးနဲ့ အမြန် သင်္ဂြိုဟ်လိုက်ရတယ်" လို့ သူ့ နာရေးကို လိုက်ပါပို့ဆောင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မနေ့တုန်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ကို ရဲနဲ့စစ်သားတွေ ဝင်စီးပစ်ခတ် လို့ ကျဆုံးခဲ့ရသူတွေထဲက တစ်ဦးဖြစ်ပြီး ၅၁ လမ်းနဲ့ ၁၁၇ လမ်းအနီး သံလမ်းဘေးက သူ့အိမ်ရှေ့မှာ ရှိနေစဥ် ရင်ဘက်ထိမှန်ကာ သူဟာ ကျဆုံးခဲ့တာပါ။ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာ သိမ်းပြီးကတည်းက ဆန္ဒထုတ်ဖော်တဲ့ မန္တလေးက လူထုကို ရဲနဲ့စစ်သားတွေ ပစ်ခတ်ကြတာကြောင့် အနည်းဆုံး အယောက် ၄၀ ကျော် ကျဆုံးခဲ့ပြီး ဖြစ်ပါတယ်။ Credit: