
ဒေါက်တာဇော်မြင့်မောင်ကို အိုးဘိုထောင်တရားရုံးမှာ စစ်ဆေး ~~~~~ ■ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို မနေ့က အိုးဘိုထောင်အထူးတရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။ အရင်က ဦးဇော်မြင့်မောင်ကို အောင်မြေသာဇံတရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် ဒီတကြိမ်မှာ အိုးဘိုထောင်တွင်း အထူးတရားရုံးမှာ ရုံးထုတ်တာလည်းဖြစ်ပါတယ်။ "ရုံးထုတ်မှာ သူ့ရဲ့ရှေ့နေဝင်တွေ့ခွင့်ရတယ်၊ ဆရာဇော်မြင့်မောင် ကျန်းမာရေး အခြေအနေကောင်းပေမယ့် ရုပ်တော့ နည်းနည်းကျသွားတယ်" လို့ နီးစပ်သူက ပြောပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါ ဝေဒနာခံစားနေရသူလည်းဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်တွေဟာ နိုင်ငံမငြိမ်သက်အောင်လှုံဆော်တယ်ဆိုတဲ့ စွပ်စွဲပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို ဖမ်းဆီး တရားစွဲ ဆိုထားတာပါ။ တရားလိုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင် ဖြစ်ပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းတဲ့ညမှာ စစ်တပ်နဲ့ ရဲတွေက မန္တလေးမြို့နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။ အဲ့ဒီနောက် ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်နဲ့ ထားရှိတဲ့ကာလမှာ NLD ပါတီကနေ တစ်ဆင့် ပြည်သူကို အသိပေးစာတွေ ဖြန့်ဝေခဲ့တာကြောင့် နောက်တစ်ကြိမ် ဖမ်းဆီးခံရပြီး အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။ Credit: