
လူရွှင်တော် ဇာဂနာ ဖမ်းဆီးခံရ လူရွှင်တော် သရုပ်ဆောင် ဇာဂနာ ဒီနေ့ ဧပြီ ၆ ရက်မနက်ပိုင်းမှာ တာမွေမြို့နယ်မှာ ဖမ်းဆီးခံရကြောင်း သူနဲ့ရင်းနှီးတဲ့ လူရွှင်တော်ငှက်ပျောကြော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ တာမွေမြို့နယ်၊ ၁၆၆ လမ်းမှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်း ပို့စ်က ရေးသားထားပါတယ်။ ဒါ့အပြင် လူရွှင်တော်တချို့ကလည်း ဇာဂနာဖမ်းဆီးခံရတယ်လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။ စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သတင်းမီဒီယာကပုဂ္ဂိိုလ်တချို့အပါအဝင် ထင်ရှားကျော်ကြားသူပေါင်း ၁၀၀ ခန့်ကို အမှုဖွင့်တရားစွဲထားပြီး ထုတ်ပြန်ထားသလောက် စာရင်းတွေထဲမှာ ဇာဂနာ ကို ထည့်သွင်းဖော်ပြထားတာတော့မတွေ့ရသေးပါဘူး။ ဇာဂနာဟာ ၈၈ အလွန်စစ်အစိုးရလက်ထက်နဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၇ မှာ အီလက်ထရောနစ်ဆက်သွယ်ရေးပုဒ်မတွေအပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့တရားစွဲဆိုခံရပြီး ထောင်နှစ်ရှည်ကျခံခဲ့ရကာ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီ ၁ ရက်ကစလို့ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတဲ့ အနုပညာရှင်နဲ့ ထင်ရှားကျော်ကြားသူတွေထဲမှာ သရုပ်ဆောင်လူမင်းက အစောဆုံးဖမ်းဆီးခံထားရတာဖြစ်ပြီး သရုပ်ဆောင်ရဲတိုက်ကတော့ ဧပြီ ၄ ရက်နေ့က သမိုင်းရပ်ကွက်ထဲမှာ ဖမ်းဆီးခံထားရပါတယ်။ အဲဒီနောက် သတင်းမီဒီယာနယ်ပယ်ထဲကဆိုရင် မြန်မာပို့စ် သတင်းဂျာနယ်က အယ်ဒီတာ ကိုဇင်သော်နိုင်လည်း ဗိုလ်တထောင်မြို့နယ်ထဲမှာ ဖမ်းဆီးခံထားရပါတယ်။ ဒီသတင်းနဲ့အတူ ဘီဘီစီရဲ့ နောက်ဆုံးရ သတင်းများ တိုက်ရိုက်တင်ဆက်မှုကို https://www.bbc.com/burmese/live/burma-56582387မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Crd