No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဒေါ်အောင်ဆန်းစုကြည်အား လူတွေ့ရုံးထုတ်သည့်နေ့ နေပြည်တော်တွင်လုံခြုံရေးတိုးမြင့်ထား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့ကို ရုံးထုတ်စစ်ဆေးမည့် ယနေ့ မေ ၂၄ ရက်နေ့ တွင် နေပြည်တော်တွင် လုံခြုံရေးတိုးမြှင့်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဇမ္ဗူသီရိမြို့နယ်၊ဇေယျသိဒ္ဓိရပ်ကွက်၊မြနန်းဘုံသာလမ်းရှိ သီးသန့်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဟု ၎င်းတို့၏ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောကြားထားသည်။သို့သော် ရုံးထုတ်စစ်ဆေးမည့်နေရာအတိအကျကို ယနေ့နံနက်ပိုင်းအထိ အတည်မပြုနိုင်ပေ။ မြနန်းဘုံသာလမ်းတွင်လုံခြုံရေးများပုံမှန်ချထားသည်။ နေပြည်တော်ကောင်စီဝင်းအနီးရှိ ဇီဇဝါပန်းအဝိုင်းပတ်လည်တွင် လုံခြုံရေးများကို ပုံမှန်ထက်တိုးတိုးမြှင့် ချထားသည်ကို တွေ့ရသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်သမ္မတတို့၏ အမှူကို အမှုအားစတင်ကြားနာသည့် အချိန်မှစ၍ ရှစ်ကြိမ်မြောက်ရုံးချိန်းအထိ ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် Video Conferencing စနစ်ဖြင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးမည့်အတွက် လူအများကစိတ်ဝင်စားစွာစောင့်ကြည့်လျှက်ရှိသည်။ ၎င်းတို့အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများမှာ ၎င်းတို့၏အမှုသည်များဖြစ်သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်သမ္မတတို့ကို လက်ရှိအချိန်အထိ အပြင်တွင် လူချင်းသီးသန့်တွေ့ခွင့် မရရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်ရက်ပိုင်းအတွင်း တရားရုံံးမှာလူကိုယ်တိုင် ကြားနာမှုပြုလုပ်မည်ဟု အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွန်ခဲ့သည့်ကြာသာပတေးနေ့က တရုတ်နိုင်ငံရှိ၊ Phoenix ရုပ်သံသတင်းဌာနနှင် အွန်လိုင်းကတစ်ဆင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင်ဖြေကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် သူ၏နေအိမ်တွင် ကျန်းမာစွာရှိနေတဲ့အပြင် တရားခွင်မှာတရားမျှမျှတတ စစ်ဆေးခံရမှာပါဟု ဗိုလ်ချုပ်မှူးကြီးကပြောခဲ့သည်။ ရွေးကောက်ပွဲ မဲမသမာများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းသင့်၊မသင့်နှင့်တာဝန်ရှိသူများကို နိုင်ငံတော်အား သစ္စာဖောက်အဖြစ်အရေးယူမည်ဟု စစ်ကောင်စီကခန့်ထားသည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက မေ ၂၁ရက်က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံခဲ့စဥ် ပြောဆိုထားသည်။ သတင်းနှင့်ဓာတ်ပုံ−ဖရွန်းတီးယားမြန်မာ Credit: